ဆု

 

ဆု

j    ကြာပွင့်လှလှ၊ သင်းချိုမြကို
    သွယ်လျပျော့ပျောင်း၊  လက်ဆယ်ချောင်းဖြင့်
    ခညောင်းဦးတင်၊ သုံးလူ့ရှင်ထံ
    ပျိုစင်လုံမ ပူဇော်၏။
j    တစ်တိုင်ဆီမီး၊ ထိန်ထိန်ညီးကို
    စိုက်ပြီးညှိထွန်း၊ စိတ်ရည်ညွှန်း၍
    လေးကျွန်းသခင်၊ ဘုရားရှင်ထံ
    ပျိုစင်လုံမ ပူဇော်၏။
j    ကန်ရေဆိပ်မှ
    အေးမြကြည်လင်၊ သောက်ရေစင်ကို
    ယူငင်ခပ်ထား၊ ငွေဖလားဖြင့်
    ဝပ်တွားရိုသေ၊ မြတ်စိန္တေထံ
    ပျိုစင်လုံမ ပူဇော်၏။
j    ဆီမီးနှင့်ပန်း၊ သောက်ရေချမ်းကို
    စိတ်ဝမ်းကြည်ဖြူ၊ နေ့စဉ်လှူ၍
    နိဗ္ဗူဆုကို ယူသည်လား။    
j    ဆီမီးနှင့်ပန်း၊ သောက်ရေချမ်းကို
    စိတ်ဝမ်းကြည်ဖြူ၊ တင်ကပ်လှူ၍
    ချစ်သူဆုကို ချွေသည်လား။
j    ဆီမီးနှင့်ပန်း၊ သောက်ရေချမ်းကို
    စိတ်ဝမ်းကြည်သာ၊ ကပ်လှူပါ၍
    ပညာဆုကို ပန်သည်လား။
j    မဟုတ်ပါလေ  . . . .
    ထွေထွေကောင်းမှု၊ တောင်းသောဆုကို
    သူ့တွက်မယူ၊ ကမ္ဘာသူတို့
    လူချင်းမြတ်နိုး၊ ရန်မငြိုးဘဲ
    မုန်းကြိုးကိုဖြည်၊ ချစ်ကြိုးချည်အောင်
    ချစ်ကြည်သမှု၊ ဆန္ဒပြုသည်
    သူ့ဆု မြင့်မြတ်လှချေတကား။        ။

ကို(တက္ကသိုလ်)