ရန်ကုန် ဇူလိုင် ၇
ဆဌသင်္ဂါယနာမူ ပိဋကသုံးပုံ ကျမ်းစာများကို ပါဠိ (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် နိုင်ငံ တကာကျမ်းစာများ အဆင့်မီ ရိုက်နှိပ် ထုတ်ဝေနိုင်ရေးအတွက် ပုံနှိပ်စက်တင် မင်္ဂလာအခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ကမ္ဘာအေးကုန်းမြေ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက် ဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ)ဒုတိယ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ (မြင်းခြံ) အမှူးပြုသော နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီး ငါးပါး၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီး များဖြစ်သည့် ဘဒ္ဒန္တဝါယာမိန္ဒာ ဘိဝံသ (ရေစကြိုဆရာတော်)၊ ဘဒ္ဒန္တသုန္ဒရ (စွန်းလွန်းဆရာ တော်) နှင့် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်) စသည့် သံဃာတော်အရှင်သူမြတ် ကိုးပါး တို့ ကြွရောက်တော်မူကြသည်။
ထို့နောက် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း ဆောင်ရွက်မည့် အဆောက်အဦအတွင်း အန္တရာယ် ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာတရား နာယူခြင်းများ ဆောင်ရွက်ကြကာ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ (မြင်းခြံ) က ပိဋကသုံးပုံကို ပါဠိ (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ရိုက်နှိပ်မည့် စာပုံနှိပ်စက် စတင် လည်ပတ်နိုင်ရေးအတွက် စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ကာ အောင်ဂါထာကို သုံးကြိမ် ရွတ်ဆို၍ ပုံနှိပ်စက်တင်မင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ကမ္ဘာအေး ကုန်းမြေ သာသနာရေးဦးစီးဌာန ပုံနှိပ် တိုက်၊ ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲ ဝင်းအတွင်းရှိ ဆဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိ (မြန်မာ၊ ရိုမန်) ကျမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေ မည့် အဆောက်အဦတွင် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း၏ ကြီးကြပ်မှုဖြင့် ဆဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ် များအား ပါဠိ (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပုံနှိပ်၍ နိုင်ငံ တကာကျမ်းစာများ အဆင့်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရေး ဆောင် ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ထေရဝါဒဗုဒ္ဓဘာသာ သင်ကြားပေးနေသည့် တက္ကသိုလ် ကြီးများနှင့် သာသနာပြုကျောင်း များ၊ မြန်မာနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ နိုင်ငံ တော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) နှင့် သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) တို့ကဲ့သို့ တက္ကသိုလ် ကြီးများအပြင် စာသင်တိုက်များ နှင့် ဘုန်းတော်ကြီးကျောင်းများ သို့ ပိဋကသုံးပုံပါဠိတော် ကျမ်း ၅၃ ကျမ်း (အုပ် ၄၀) တစ်စုံလျှင် ၁၂ သိန်းကျပ်နှုန်းဖြင့် ဓမ္မဒါနအဖြစ် ကုသိုလ်ပြု လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်



