
စာပေကို ဘဝတစ်ခုလုံးအဖြစ်ခံယူထားသည့် ဆရာကြီး မောင်ပေါ်ထွန်း(ဆရာကြီး ဦးခင်မောင်စိုး (၁၉၃၅-၂၀၂၂))သည် ၁၃-၈-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး မြို့မ ကျောင်းလမ်းရှိ အမှတ် (၂) တပ်မတော်စစ်ဆေးရုံ ခုတင်-၅၀၀ တွင် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ဆရာကြီးမောင်ပေါ်ထွန်းကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရေမျက်ဝရွာ၌ အဘဦးမောင်ပု၊ အမိ ဒေါ်အေးသာတို့က ၁၉၃၅ ခုနှစ် မေ ၁၄ရက်တွင် မွေးဖွားခဲ့သည်။ မူလတန်းပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး အလွတ်ပညာသင်ကျောင်းတက် သည်။ လှကော်မာရှယ်ကောလိပ်မှ မြန်မာလက်ရေး တို ပထမဆုရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက် စာရေးအဖြစ် စတင်အမှုထမ်းခဲ့သည်။ ဆရာကြီးသည် ဇနီးဖြစ်သူ ဒေါ်ငြိမ်းရှင်နှင့် ၁၉၅၇ ခုနှစ်တွင် ထိမ်းမြားခဲ့ပြီး သားသမီး ငါးဦးထွန်းကား ခဲ့သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲတွင် ဘာသာပြန်ဘာသာရပ်ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဉ်(၁)တွင် ပထမဆုရခဲ့ သည်။ ၁၉၇၃ ခုနှစ်တွင် လုပ်သားကောလိပ်မှ ဝိဇ္ဇာ (သမိုင်း) ဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၇၈ခုနှစ်တွင် စာပေ ဗိမာန်စာအုပ်အသင်း ကြီးကြပ်ရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။
ဆရာကြီးသည် ၁၉၅၈ ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း ၌ ခုနစ်နှစ်အရွယ် သမီးငယ်(Seven Years Old Girl) ရုရှားပုံပြင် ဘာသာပြန်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။ စာအုပ်လောကစာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီမဂ္ဂဇင်း နှင့် ဓနစီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။
စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်စဉ် “စာအုပ်ဟူသည်” စာအုပ်ကို ဆရာမောင်ဆုရှင်နှင့် လည်းကောင်း၊ “စာနယ်ဇင်းဟူသည်” စာအုပ်ကို ဆရာမောင်ဆုရှင်၊ ဆရာသိန်းတန် (ဟံသာဝတီ)တို့ နှင့်လည်းကောင်း တွဲဖက်ရေးသားထုတ်ဝေခဲ့သည်။ နိုင်းလ်မြစ်ဝှမ်းမှ တော်လှန်ရေး၊ ကျွန်မချစ်တဲ့ဆူကာနို၊ ပင်တဂွန်၊ ယက်ဗ်ဂျင်နီယက်ဗ်တူရှင်ကို၊ မောင့် ဘက်တန်နှင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ (သန်းခေါင်ယံလွတ်လပ်ရေး)၊ ကမ္ဘာ့ရန်၊ အကြီး အကဲ၊ ကျေရာ ကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြအရောင်းသမား၊ ဟားဗတ်စီးပွားရေး တက္ကသိုလ် မှာ မသင်ခဲ့ရသမျှ၊ စံပြခေါင်းဆောင်မှု၊ ကိုယ်စွမ်း ကိုယ်စဖြင့် ကြီးပွားရေး၊ မဟာဒီလှိုင်း၊ အောက်စ်ဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်သဒ္ဒါကျမ်း၊ ခေတ်သစ် ရောင်းဝယ်ရေးမဟာဗျူဟာ၊ ကန္တာရစမ်းရေအိုင် စသည့် ဘာသာပြန်လုံးချင်းစာအုပ်များမှာ ထင်ရှား သည်။ ဆရာကြီးသည် လှကျော်သူ၊ မောင်ကျော်ဒွန်း၊ တက္ကသိုလ်စိုးဝင်ထင်၊ ခင်သန္တာဖြူ စသည့် ကလောင် အမည်များဖြင့်လည်း ရေးသားခဲ့သည်။ ဆရာကြီး သည် မိမိဘာသာပြန်ဆိုသည့် စာအုပ်များအနက် အားရအနှစ်အသက်ဆုံးစာအုပ်မှာ သန်းခေါင်ယံ လွတ်လပ်ရေးစာအုပ် ဖြစ်သည်ဟု ဆိုခဲ့သည်။
ဆရာကြီးသည် ၁၉၉၇ ခုနှစ်တွင် အမျိုးသား စာပေဆု (ဘာသာပြန်-ရသ)ဆုကို ကန္တာရစမ်းရေအိုင် စာအုပ်ဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်-ရသ) ဆုကို ကံကြမ္မာအကျဉ်းသားစာအုပ်ဖြင့် ဒုတိယအကြိမ် အမျိုးသား စာပေဆုတို့ကိုရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ရရှိခဲ့ သူဖြစ်သည်။
စာပေလောကတွင် မောင်ပေါ်ထွန်းဟူသော ကလောင်တစ်ချောင်းကို ပိုင်ဆိုင်ရရှိခဲ့သည့်အတွက် မိခင်စာပေဗိမာန်ကို ကျေးဇူးတင်ရှိသည်ဟု စာပေ ဗိမာန် နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်စာစောင်၌ ရေးသားခဲ့သည့် စာပေဗိမာန်သို့ သမင်လည်ပြန် ဆောင်းပါးတွင် ဖော်ပြထားသည်။ ဆရာကြီးသည် စာပေဗိမာန်မှ အငြိမ်းစားယူပြီးနောက်ပိုင်းတွင် ယနေ့အချိန်အထိ ဘာသာပြန်စာအုပ်များ ဆက်တိုက်ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။ ထို့ပြင် မျိုးဆက်သစ်လူငယ်များအတွက် စာပေ ဆိုင်ရာ၊ ဘာသာပြန်ဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေ ခြင်း၊ မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် ကူညီဆောင်ရွက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးခဲ့သည်။ ဆရာကြီးသည် အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် ကော်မတီဝင်အဖြစ် လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ကို ရရှိပြီး ကွယ်လွန်ချိန်အထိ ဘာသာပြန် လုံးချင်းစာအုပ်ပေါင်း ၇၈ အုပ်နှင့် အခြားသော စာပေမြောက်မြားစွာကို လည်း ရေးသားထုတ်ဝေခဲ့သည်။
ဆရာကြီးကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ငြိမ်းရှင်နှင့်အတူ သားတစ်ဦး သမီးသုံးဦး ကျန် ရှိခဲ့သည်။
စာပေဗိမာန်