
မကွေး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ မကွေးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများအား ယမန်နေ့က မကွေးမြို့ အ.ထ.က (၄)ကျောင်းရှိ ပတ္တမြားခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့် လွင်က နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ ၁ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ရာ မိမိတို့တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ လုံခြုံ ဘေးကင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်သွားရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ် ရေးနည်းလမ်းများဖြစ်သည့် နှာခေါင်းစည်းများအား စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်စေရန် တိုက်တွန်း အသိပညာပေးခြင်းများအား ဆောင်ရွက်စေလိုကြောင်း၊ ဆရာ ဆရာမများအနေ ဖြင့် မိမိတို့ကျောင်းသား ကျောင်းသူများ ပညာ သင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာသော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန် သင်ကြားပြသပေးစေလိုကြောင်း၊ ကျောင်းရှိ ဆရာ ဆရာမ အများစုသည် မြို့ခံများဖြစ်သည့်အတွက် ကျောင်း၏ အောင်မြင်မှုရလဒ်များကို ဆက်လက် ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ၊ တိုင်ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့က မကွေးမြို့ အ.ထ.က(၄)ကျောင်းရှိ ကျောင်းစာကြည့် တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)