
စဉ့်ကူး စက်တင်ဘာ ၁၃
စဉ့်ကူးမြို့နယ်၌ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် သပိတ်ကျင်း တပ်နယ်မှ အခြေခံစားသောက် ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၈ နာရီက စဉ့်ကူး မြို့ အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ရောင်းချပေးခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး သောင်းစိန် ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာ ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် အခြေခံစားသောက်ကုန် နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိရာ ဆန်တစ်ပြည် ငွေကျပ် ၁၄၀၀ နှုန်း၊ ဆီတစ်ပိဿာ ငွေကျပ် ၆၅၀၀ နှုန်း၊ ကြက်ဥ တစ်လုံး ငွေကျပ် ၁၆၀ နှုန်း၊ ကြက် သွန်နီ တစ်ပိဿာ ငွေကျပ် ၃၆၀၀ နှုန်း၊ အာလူးတစ်ပိဿာ ငွေကျပ် ၂၀၀၀ နှုန်း၊ ခရမ်းချဉ်သီးတစ်ပိဿာ ၂၃၀၀ နှုန်း၊ ပင်လယ်ပြာအိုင် အိုဒင်းဆား တစ်ပိဿာ ငွေကျပ် ၄၀၀ နှုန်း၊ ပင်လယ်ပြာ ငံပြာရည် ပုလင်း တစ်ပုလင်း ငွေကျပ် ၇၀၀ နှုန်းနှင့် ပဲတောင့်ရှည်များကို ရပ်ကွက်နေပြည်သူ ၂၀၀၀ ထံသို့ ရောင်းချပေးနိုင်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများသို့ ဆက်လက် ရောင်းချပေးမည် ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)