
နေပြည်တော် ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နွေနှမ်းများကို ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ပဲယဉ်းစိုက်ခင်းများ ရိတ်သိမ်းပြီး မြေလွတ်များတွင် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ နှမ်းမျိုးအနေဖြင့် နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းနီ စသည်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးမြေများမှာ မြစ်ရိုးတစ်လျှောက် မြေသား မြေမာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်ဆိပ်ဖြူမြို့နယ်၌ နွေနှမ်းစိုက်ဧက ၁၀၀၀ ဝန်းကျင် ခန့် စိုက်ပျိုးထားရှိပြီး ဆိပ်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တွင် နွေနှမ်းစိုက် တောင်သူ ၅၀ ဖြင့် စိုက်ဧက ၃၀ ခန့် စိုက်ပျိုးထား ရှိကြောင်း သိရသည်။
နှမ်းသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစု စားသုံးဆီ ဖူလုံမှုရရှိသည့်အပြင် ဈေးကွက်ခိုင်မာမှုရှိ၍ အကျိုး အမြတ်ရရှိခြင်းကြောင့် နွေနှမ်းများကို ယခင် နှစ်ထက်တိုး၍ စိုက်ပျိုးလျက်ရှိပြီး နှမ်းစိုက်ခင်းများ မှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သတင်းရရှိသည်။
DOCA(မကွေး)