
ဆိပ်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှ ဆောင်း ကြက်သွန်နီဥစိုက်များ ပေါ်ထွက်ပြီး ကုန်စည်ဒိုင် ဈေးကွက်သို့ စတင်ဝင်ရောက်၍ ကြက်သွန်နီဈေး ရရှိကာ တောင်သူများ အဆင်ပြေကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကာ ဒေသထွက်ကုန် အဖြစ် ကြက်သွန်နီဥစိုက်နှင့် အပင်စိုက်ပျိုးခြင်းကို အဓိကထားစိုက်ပျိုး လုပ်ကိုင်ကြပြီး လက်ရှိ အချိန်တွင် ကြက်သွန်နီဥစိုက်များ စတင်ပေါ်ထွက်၍ ဆိပ်ဖြူကုန်စည်ဒိုင်သို့ ဥစိုက်ကြက်သွန်နီများ စတင် ဝင်ရောက်လျက်ရှိသည်။
ကြက်သွန်နီဥစိုက်ကို ကုန်းစိုက်ခင်းများ၊ ကိုင်း စိုက်ခင်းများတွင် သီတင်းကျွတ် လကုန်ပိုင်းနှင့် တန်ဆောင်မုန်းလဆန်းပိုင်းတို့တွင် စတင်စိုက်ပျိုး ကြပြီး နတ်တော်လတွင် စတင်တူးဖော်ကြကြောင်း၊ ကြက်သွန်နီ အပင်စိုက်ကို နတ်တော်လနှင့် ပြာသို လများတွင် ချောင်းမြေများ၊ ကိုင်းမြေ၊ ကုန်းစိုက်ခင်း များ၌ စတင်စိုက်ပျိုးကြပြီး တပေါင်းလကုန်ပိုင်းနှင့် တန်ခူးလတို့တွင် တူးဖော်ကြရကြောင်း၊ ကြက်သွန်နီ အပင်စိုက်ကို နှစ်ပတ်လည် သိုလှောင်မှုပြုလုပ်၍ အရောင်းအဝယ် ပြုလုပ်ကြောင်း၊ လက်ရှိပေါ်သောဥစိုက်ကြက်သွန်နီများက တာရှည်သိုလောင်မှု အတွက် အဆင်မပြေကြောင်း၊ လတ်တလောစားသုံး ရန်အတွက် ကြက်သွန်နီ အပင်စိုက်မပေါ်မီကာလ စားသုံးရန်အတွက် တင်ပို့ရောင်းချကြသည်။
လက်ရှိတွင် ကုန်စည်ဒိုင်သို့ ဥစိုက်ကြက်သွန်နီ များ ကုန်ချိန် တစ်သောင်းခွဲဝန်းကျင်ခန့် စတင် ဝင်ရောက်လျက်ရှိကြောင်း၊ ဥစိုက်ကြက်သွန်နီအသစ် ဈေးနှုန်းအနေဖြင့် အမြင့်ဆုံးဈေး တစ်ပိဿာလျှင် ငွေကျပ် ၆၀၀ ဝန်းကျင်ရှိပြီး အနိမ့်ဆုံးဈေး ငွေကျပ် ၃၀၀ ထိရရှိကြောင်း၊ နှစ်ဟောင်းလက်ကျန် ကြက်သွန်နီဆိုလျှင် တစ်ပိဿာ ငွေကျပ် ၁၀၀ မှ ၃၀ဝ ဝန်းကျင်အထိသာ ဈေးရရှိသည့်အတွက် ကြက်သွန်နီအသစ် ဥစိုက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအတွက် လက်ရှိ ကာလပေါက် ဈေးနှုန်းဖြင့် အဆင်ပြေလျက်ရှိကြောင်း ကြက်သွန်နီ ကုန်သည်များနှင့် တောင်သူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)