
အမ္မန် စက်တင်ဘာ ၂၈
ဆီးရီးယားနှင့်ထိစပ်နေသည့် ဂျဘာနယ်စပ်ကို ဂျော်ဒန်နိုင်ငံက ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဟု ဂျော်ဒန်ပြည်ထဲရေးဝန်ကြီး မာဇန် ဖာရာရာက စက်တင်ဘာ ၂၇ရက်တွင် ပြောသည်။
စက်တင်ဘာ ၂၉ ရက်တွင် ခရီးသည်များသွားလာမှုနှင့် ကုန် ပစ္စည်းများသယ်ယူပို့ဆောင်မှုတို့ကို ခွင့်ပြုပေးမည်ဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု အသက်ဝင်လာ စေရေးအတွက် ရည်ရွယ်ကာ ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်မှုများ များပြားလာသည့် အတွက် ဂျော်ဒန်အစိုးရသည် ဂျဘာနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ခရီးသည်များနှင့် ကုန်တင် ကားများကို တဖြည်းဖြည်းချင်း ခွင့်ပြုပေးခဲ့သည်။ စက်တင်ဘာ ၂၇ ရက်ကလည်း ဂျော်ဒန်နှင့် ဆီးရီးယားဝန်ကြီးအဆင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကြား စီးပွားရေးပြန်လည်ရှင်သန်စေရေးနှင့် ကုန်သွယ် မှုများ ပြန်လည်စတင်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆင်ဟွာ