
ရန်ကုန် ဧပြီ ၆
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဧပြီ ၅ ရက်က ကျင်းပရာ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သည်။
လာမည့်ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းအရေအတွက် အများဆုံးယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အုပ်စု (ခ) တွင် အိမ်ရှင် ကမ္ဘော ဒီးယား၊ ထိုင်း၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုကျပ် အတွင်း ကျရောက်နေသဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။
မြန်မာအမျိုးသမီး အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့်အကြိမ်မှ လွဲ၍ ကျန်အကြိမ်အားလုံးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့သည်။
ရဲရင့်လွင်