တောင်ကြီး ဇွန် ၁၅
Orientation for Foundation Year (5/2022) သင်တန်းဖွင့်ပွဲကို ဇွန် ၁၄ ရက်က တောင်ကြီးမြို့ ဆေးတက္ကသိုလ်(တောင်ကြီး) ချယ်ရီဘက်စုံခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ဆေးတက္ကသိုလ်(တောင်ကြီး)အနေဖြင့် လိုအပ် သည်များရှိပါက မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပညာရည်ချွန်ဆု ရရှိသည့် ကျောင်းသား ကျောင်းသူများ၊ အမှတ်အများ ဆုံးရရှိသူများကို ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် ဆေးတက္ကသိုလ် (တောင်ကြီး) မှ မွေးထုတ်ပေးလိုက် မည့် ဆရာဝန်အလောင်းအလျာများသည် နိုင်ငံ အကျိုးပြု သားကောင်းရတနာဖြစ်အောင် အားလုံး အတူ ပူးပေါင်းပါဝင် ကြိုးစားပေးကြရန် ပြောကြား သည်။
ဆက်လက်၍ ဆေးတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှမြင့်ဝင်းက ဆေးတက္ကသိုလ် (တောင်ကြီး)နှင့် ပတ်သက်၍ ရှင်းလင်းပြီး ဓာတုဗေဒဌာနမှ ကထိက/ဌာနမှူး ဒေါက်တာအုန်းကြည်က ဆေးပညာအခြေခံနှစ် (Foundation Year) နှင့် ပတ်သက်သည့် သိမှတ် ဖွယ်ရာများကို မိတ်ဆက်ပေးကာ ခန္ဓာဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဇော်ဇော်လတ်က lntegreated Curriculum အကြောင်း၊ ဆေးပညာ ဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာအောင်ကျော်သူက Clinical Managment အကြောင်းတို့ကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပညာသင် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ဆေးတက္ကသိုလ် (တောင်ကြီး)ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ လှမြင့်ဝင်းက လက်ခံရယူပြီး ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား ကျောင်းသူများအား ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းစီ ချီးမြှင့် ပေးအပ်ခဲ့သည်။
မောင်မောင်သန်း(တောင်ကြီး)



