Type

ဒေါက်တာသိန်းထွန်း
(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)
ဆေးလိပ်အန္တရာယ်
စီးကရက်တစ်လိပ်သောက်တိုင်း လူ့သက်တမ်းသည် ခုနစ် မိနစ်မှ ၁၁ မိနစ်အထိ ယုတ်လျော့သွားပါသည်။ ပုံမှန် ဆေးလိပ်သောက်သူတစ်ဦးသည် မိမိနေရမည့် သက်တမ်း မှ အနည်းဆုံး ၁၀ နှစ်ခန့်အထိ အသက်တိုနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း များစွာ ရောဂါရရှိနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ် လူပေါင်း ရှစ်သန်းကျော် သေဆုံးလျက်ရှိပြီး မြန်မာနိုင်ငံတွင် နှစ်စဉ် ၆၅၀၀၀ ခန့် သေဆုံးလျက်ရှိပါသည်။ အဆုတ်ကင်ဆာဖြင့် သေဆုံးမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းသည်လည်းကောင်း၊ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါဖြင့် သေဆုံးမှု အားလုံး၏ ၈၀ ရာခိုင်နှုန်းသည်လည်းကောင်း အဓိက အကြောင်းရင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပါ သည်။ ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်လျှင် ဆေးလိပ်သောက်သူများမှာ နှလုံးရောဂါဖြစ်ပွားရန် နှစ်ဆ မှ လေးဆ၊ လေဖြတ်ရန် နှစ်ဆမှလေးဆ၊ အဆုတ်ကင်ဆာ ဖြစ်ရန် ၂၅ ဆ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ရန် ၁၂ ဆမှ ၁၃ ဆအထိ ပို၍အန္တရာယ်ရှိပါသည်။ ထို့ပြင် ဆေးလိပ်သောက်သူများမှ ထွက်လာသော ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ ဆေးလိပ် မသောက်သူများမှာ နှလုံးသွေးကြောရောဂါ၊ အဆုတ် ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အလေးချိန်မပြည့်မီသော ကလေးမွေးခြင်း စသောရောဂါများ ဖြစ်ပွားသဖြင့် တစ်ဆင့် ရှူမိသောဆေးလိပ်ငွေ့ကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူပေါင်း ၁ ဒသမ ၂ သန်းခန့် သေဆုံးလျက်ရှိပါသည်။
ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ
ဆေးလိပ်ကို မည်သည့်အချိန်တွင်မဆို ဖြတ်နိုင်ပါက အလွန်နောက်ကျသွားပြီဟု မဆိုနိုင်ပါ။ ဆေးလိပ်ဖြတ်ပြီး နှစ်ပတ်မှ ၁၂ ပတ်တွင် ကိုယ်ခန္ဓာအတွင်း သွေးလည်ပတ် မှုအားကောင်းလာပြီး အဆုတ်၏စွမ်းဆောင်ရည် တိုးတက်လာပါသည်။ တစ်လမှကိုးလအတွင်း ချောင်း ဆိုးခြင်း၊ မောပန်းခြင်းတို့ သက်သာလာမည်။ ငါးနှစ်မှ ၁၅ နှစ်အတွင်း လေဖြတ်နိုင်သည့် အန္တရာယ်သည် ဆေးလိပ်မသောက်သူကဲ့သို့ ဖြစ်သွားပေမည်။ ၁၀ နှစ်တွင် အဆုတ်ကင်ဆာဖြစ်နိုင်သည့်အန္တရာယ် ထက်ဝက် ကျဆင်းသွားပြီး ပါးစပ်၊ လည်ချောင်း၊ အစာပြွန်ချောင်း၊ ဆီးအိမ်၊ သားအိမ်ခေါင်း၊ မုံချိုအိတ်များတွင် ဖြစ်ပွားနိုင် သည့် ကင်ဆာရောဂါအန္တရာယ်များလည်း လျော့ကျသွား မည်။ ဆေးလိပ်ဖြတ်ပြီး ၁၅ နှစ်အကြာတွင် နှလုံးသွေး ကြောကျဉ်းရောဂါအန္တရာယ်သည် ဆေးလိပ်မသောက်သူ ကဲ့သို့ ဖြစ်သွားပါလိမ့်မည်။
ဘာကြောင့်ဆေးလိပ်စွဲရသလဲ
စီးကရက်သောက်ပြီး စက္ကန့်ပိုင်း (ခုနစ်စက္ကန့်ခန့်) အတွင်း စီးကရက်တွင်ပါသော နီကိုတင်းဓာတ်သည် ဦးနှောက်သို့ ရောက်ရှိသွားပြီး ဦးနှောက်မှ ဒိုပါမင်း (Dopamine ) ခေါ် ဓာတ်ပစ္စည်းတစ်ခု ထုတ်ပေးပါသည်။ ဤကဲ့သို့ဦးနှောက်သို့ နီကိုတင်းဓာတ် လျင်မြန်စွာရောက် ရှိသွားခြင်းသည် ဆေးလိပ်ကိုစွဲစေသော အရေးပါသည့် အချက်ဖြစ်သည်။ ဒိုပါမင်းသည် လန်းဆန်းစေခြင်း၊ ကျေနပ်နှစ်သိမ့်စေခြင်း၊ တက်ကြွစေခြင်း စသောခံစားမှုမျိုး ကို ဖြစ်စေသည်။ နီကိုတင်းဓာတ်သည် သွေးထဲတွင် နာရီအနည်းငယ်သာတည်ရှိပြီး မကြာမီ ပျောက်ကွယ်သွား ပါသည်။ ထိုအခါ မိမိခံစားခဲ့ရသည့် ခံစားမှုမျိုးကို ထပ်မံ ခံစားလိုစိတ်ဖြစ်ပေါ်ပြီး ဆေးလိပ်ကို ပြန်လည်တောင့်တ လာပါသည်။ ဆေးလိပ်မသောက်ရပါက စိတ်တိုခြင်း၊ စိတ်ပူ ပန်ခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း စသည့် ခံစားချက်များ ဖြစ်ပေါ်လာမည်။ ဤသို့ဖြင့် စွဲလမ်းမှု ဖြစ်ပေါ်လာပါသည်။ နီကိုတင်းစွဲလမ်းမှုသည် အခြားမူးယစ်ဆေးဝါးများဖြစ်သော ဘိန်း၊ ကိုကင်းစသည်တို့အား စွဲလမ်းမှုဖြစ်စဉ်နှင့် အလား သဏ္ဌာန်အတူတူပင် ဖြစ်ပါသည်။
မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင်ဆောင်ရွက်ခြင်း
ဆေးလိပ်ဖြတ်မည့်သူသည် မိမိပတ်ဝန်းကျင်တွင် မကြာမီက အောင်မြင်စွာဆေးလိပ်ဖြတ်နိုင်သူ၏ လုပ်ဆောင် မှုကို လိုက်နာအတုယူပါ။ ဆေးလိပ်ဖြတ်ရန် မအောင်မြင် သည့် ကြိုးပမ်းမှုတစ်ခုပြုလုပ်တိုင်း ၎င်းအတွေ့အကြုံ ပေါ်တွင်မူတည်၍ လိုအပ်ချက်များသင်ခန်းစာယူပါ။ အောင်မြင်မှုမရရှိမီ အကြိမ်ကြိမ်ကြိုးစားရန် လိုအပ် ကြောင်း သိရှိထားရမည်။
ဆေးလိပ်ဖြတ်ရန်အတွက် အဓိကလုပ်ငန်းစဉ်များ
၁။ ဆေးလိပ်ဖြတ်မည့်ရက်သတ်မှတ်ခြင်း
ဆေးလိပ်ဖြတ်မည့်ရက်ကို ရွေးချယ်သတ်မှတ်ရန် အလွန်အရေးကြီးပါသည်။ လာမည့် နှစ်ပတ်ခန့်အချိန်သည် အသင့်လျော်ဆုံးဖြစ်သည်။ မိမိအတွက် အသင့်လျော်ဆုံးသော ရက်ကို ရွေးချယ်သတ်မှတ်ပါ။ ဆေးလိပ်ဖြတ်မည့်ရက်ကိုမြင်သာသောနေရာရှိ ပြက္ခဒိန်တွင် ချ၍ရေးမှတ်လိုက်ပါ။ ဆေးလိပ်ဖြတ်ပြီး ဆေးလိပ်ကို အလွန်အမင်းတောင့်တ လာလျှင် မည်သို့ဖြေရှင်းရမည်ကို ကြိုတင်စီစဉ်ထားပါ။ ဆေးလိပ်ဖြတ်ရန် တစ်ပတ်အလိုတွင် မိမိကားအတွင်းနှင့် အိမ်အတွင်းဆေးလိပ်သောက်ခြင်းကို ရပ်ဆိုင်းလိုက်ပါ။ သောက်နေကျအချိန်၊ သောက်နေကျနေရာတွင် နာရီအနည်း ငယ်မသောက်ဘဲ နေနိုင်အောင်လေ့ကျင့်ပါ။ ဆေးလိပ်ဖြတ် ရန် သတ်မှတ်ရက်မတိုင်ခင် "ည" တွင် ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ပြာခွက်များကို စွန့်ပစ်လိုက်ပါ။
၂။ ဆေးလိပ်သောက်လိုစိတ်ပြင်းပြမှုနှင့်
အခြားအဟန့်အတားများကို ထိန်းချုပ်ခြင်း
ဆေးလိပ်ဖြတ်သည့်ဝေဒနာကို ခံစားရခြင်းနှင့်အတူ ဆေးလိပ်သောက်လိုစိတ်ပြင်းထန်မှုသည် ဆေးလိပ်ဖြတ်ပြီး ပထမနှစ်ပတ်ခန့်အတွင်း အဆိုးရွားဆုံးတွေ့ကြုံရပါမည်။ နှစ်ပတ်မှလေးပတ်အကြာတွင် များစွာလျော့ပါးသက်သာ သွားပါလိမ့်မည်။ ၎င်းတို့ကိုကျော်လွှားနိုင်ရန်အတွက် အစီအမံများကိုလည်း ကြိုတင်ရေးဆွဲထားရန် လိုအပ် ပါသည်။ ယခင်ကဆေးလိပ်သောက်လေ့ရှိသည့် အချိန်၊ နေရာ၊ လုပ်ဆောင်မှုခံစားချက်တို့သည် ဆေးလိပ်သောက် လိုစိတ်ကို ပြင်းပြစေသည့်စေ့ဆော်ချက်များဖြစ်ပါသည်။ ထမင်းစားပြီး ဆေးလိပ်သောက်လေ့ရှိပါက စားပြီး အပြင် ထွက်လမ်းလျှောက်ခြင်း၊ လက်ဖက်ရည်၊ ကော်ဖီသောက် ခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။ နံနက်အိပ်ရာထ ဆေးလိပ်သောက်လေ့ရှိခဲ့ပါက အိပ်ရာထသည်နှင့် ရေချိုး ခြင်း၊ နေရာပြောင်း၍ နံနက်စာစားခြင်း၊ သွားတိုက်ခြင်း၊ အပြင်ထွက်၍လမ်းလျှောက်ခြင်း စသည်တို့ဆောင်ရွက်နိုင်ပါ သည်။ ကားမောင်းစဉ် ဆေးလိပ်သောက်လေ့ရှိခဲ့ပါက ကားထဲရှိ ဆေးလိပ်ပြာခွက်တွင် နေကြာစေ့ကဲ့သို့ စားစရာ ထည့်ထားခြင်း၊ ကားထဲတွင် စီးကရက်လက်ကျန် လုံးဝမရှိရအောင် ရှင်းလင်းထားခြင်းတို့ ဆောင်ရွက်ပါ၊ ခေတ္တအလုပ်နားသည့်အချိန်တွင် ဆေးလိပ်သောက်လေ့ရှိ ခဲ့ပါက ဆေးလိပ်မသောက်ရ ကန့်သတ်ထားသည့်နေရာ တွင် အနားယူခြင်း၊ ယခင်ဆေးလိပ်သောက်လေ့ရှိသောနေရာကို ရှောင်ရှားခြင်း စသည်တို့ဆောင်ရွက်နိုင်ပါသည်။ တီဗွီကြည့်စဉ် ဆေးလိပ်သောက်လေ့ရှိခဲ့ပါက တီဗွီကို ခေတ္တခဏသာကြည့်ခြင်း၊ တီဗွီပေါင်ပေါ်တွင် သတိပေး စာကပ်ထားခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ပါသည်။
ဆေးလိပ်ဖြတ်နေစဉ် စိတ်ဖိစီးမှု (Stress) ရံဖန်ရံခါ ရရှိနိုင်ပါသည်။ အသက်ပြင်းပြင်းရှူသည့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ထိုင်ခုံတစ်ခုခုတွင် သက်သောင့်သက်သာထိုင်လိုက်ပါ။ တီဗွီ၊ ရေဒီယို၊ လက်ကိုင်ဖုန်း၊ အခြားအနှောင့်အယှက်ဖြစ်စေသော ပစ္စည်း များကို ပိတ်လိုက်ပါ။ လေကိုနှာခေါင်းမှ အသက်ပြင်းပြင်း ရှူသွင်းပါ။ ငါးစက္ကန့်ခန့် အသက်အောင့်ပြီး လေကိုပါးစပ်မှ ညင်သာစွာထုတ်လိုက်ပါ။ ငါးစက္ကန့်စောင့်လိုက်ပါ။ ဤသို့ ဖြင့် ငါးမိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်းကို ဆောင်ရွက်နိုင် ပါသည်။ စိတ်ဖိစီးမှုကို သက်သာစေသော အခြားနည်းလမ်း များလည်း ရှိပါသည်။ အချိန်လုံလောက်စွာအိပ်စက်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားသုံးခြင်း၊ နေ့လယ်ပိုင်း အချိန်အနည်းငယ် အိပ်စက်ခြင်း စသည်တို့ ပြုလုပ်နိုင်ပါ သည်။ မိမိတစ်ဦးတည်းနေစဉ် စိတ်ဖိစီးမှုခံစားရပါက စာအုပ်ဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဒိုင်ယာရီရေးခြင်း၊ သက်သောင့်သက်သာဖြစ်စေသော ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ ဆောင်ရွက်နိုင်ပါ သည်။
အစာစားလိုစိတ်မြင့်တက်ခြင်းနှင့် ကိုယ်အလေး ချိန်တိုးခြင်းတို့သည် ဆေးလိပ်ဖြတ်ရာတွင် အဟန့်အတား ဖြစ်စေနိုင်ပါသည်။ အသီးအရွက်များများပါသော အစား အစာများ ရွေးချယ်စားသုံးခြင်း၊ ရေများများ သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
၃။ မိသားစုအပေါင်းအသင်းများ၏ အားပေးကူညီမှုကို
ရယူခြင်း
မိတ်ဆွေလုပ်ဖော်ကိုင်ဖက်များတွင် မိမိအားကူညီနိုင် မည့်သူများကို ရွေးချယ်ပါ။ ၎င်းတို့ထံမှပံ့ပိုးမှုကို တောင်းခံ ပါ။ မိသားစုနှင့်မိတ်ဆွေအပေါင်းအသင်းများသည် မိမိကို သတိပေးနိုင်ပါသည်။ ဆေးလိပ်သောက်လိုသောဆန္ဒအား ချိုးနှိမ်ရန် အားပေးနိုင်ပါသည်။ မိသားစု၊ လုပ်ဖော်ကိုင်ဖက် များနှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ၎င်းတို့တွင် ဆေးလိပ် သောက်သူများရှိပါက မိမိနှင့်အတူ ဆေးလိပ်ဖြတ်မည့် အစီအစဉ်အား အတူတကွရေးဆွဲဆောင်ရွက်လာနိုင်ပါ သည်။
၄။ ဆေးဝါးများ အသုံးပြု၍ ဆေးလိပ်ဖြတ်ခြင်း
ဆေးဝါးအသုံးပြုပြီး ဆေးလိပ်ဖြတ်ပါက နှစ်ဆမှ သုံးဆအထိ ပို၍အောင်မြင်နိုင်ပါသည်။ နီကိုတင်း အစားထိုးဆေးဝါးများမှာ နီကိုတင်းကပ်ခွာပြား (Nicotine Patch)၊ နီကိုတင်းငုံဆေး(Nicotine Iozenges)၊ နီကိုတင်း ဂမ်း(Nicotine Gum)၊ နီကိုတင်းရှူဆေး (Nicotine oralinhalers) နှင့် နီကိုတင်းနှာခေါင်းဖျန်းဆေး (Nicotine nasal spray) တို့ဖြစ်သည်။ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သုံးရသောဆေးများမှာ bupropion နှင့် varenicline တို့ဖြစ်ပါသည်။ ရေတိုသာ သုံးစွဲရမည့် ဆေးများဖြစ်သည်။
Nicotine patch (နီကိုတင်းကပ်ခွာပြား) ကို အသုံးပြုပါက နီကိုတင်းသည် အရေးပြားမှတစ်ဆင့် သွေးထဲသို့စိမ့်ဝင်သွားပါမည်။ ၂၄ နာရီ အာနိသင်အတွက် ခုနစ်မီလီဂရမ်၊ ၁၄ မီလီဂရမ်၊ ၂၁ မီလီဂရမ် Patch များနှင့် ၁၆ နာရီ အာနိသင်အတွက် ငါးမီလီဂရမ်၊ ၁၀ မီလီဂရမ်၊ ၁၅ မီလီဂရမ် Patch များကို သုံးနိုင်ပါသည်။ စတင် အသုံးပြုသည့်အခါ ၂၄ နာရီ အာနိသင်ရှိသော Patch ကို သုံးမည်ဆိုပါလျှင် တစ်နေ့လျှင် စီးကရက်အလိပ် ၄၀ နှင့်အထက် သောက်သူအတွက် တစ်နေ့ နီကိုတင်း Patch လိုအပ်ချက် ၄၂ မီလီဂရမ်၊ တစ်နေ့လျှင် စီးကရက်အလိပ် ၂၀ မှ ၃၉ လိပ်အထိ သောက်သူအတွက် တစ်နေ့ နီကိုတင်း Patch လိုအပ်ချက် ၂၈ မှ ၃၅ မီလီဂရမ်၊ တစ်နေ့စီးကရက် ၁၀ လိပ်မှ အလိပ် ၂၀ သောက်သူအတွက် တစ်နေ့ နီကိုတင်း Patch လိုအပ်ချက် ၁၄ မှ ၂၁ မီလီဂရမ်၊ တစ်နေ့ စီးကရက် ၁၀ လိပ်ထက်နည်း၍ သောက်သူ အတွက် တစ်နေ့ နီကိုတင်း Patch လိုအပ်ချက် ၁၄ မီလီဂရမ် ဖြစ်ပါသည်။ ၎င်းဆေးညွှန်းအတိုင်း သုံးစွဲ၍ လေးပတ်ကြာပြီးနောက် နှစ်ပတ်ကြာတိုင်း နီကိုတင်း Patch ကို ခုနစ်မီလီဂရမ် မှ ၁၄ မီလီဂရမ် လျှော့သွားရပါ မည်။ စုစုပေါင်းကုသချိန်မှာ ရှစ်ပတ်မှ ၁၂ ပတ် ဖြစ်ပါသည်။ အသုံးပြုနည်းမှာ နီကိုတင်း Patch ကိုလက်မောင်း၊ ကျောပြင် အပါအဝင် ခန္ဓာကိုယ်အပေါ်ပိုင်း အမွေးအမှင် မရှိသောနေရာတွင် ကပ်ရမည်။ နေ့စဉ် Patch အသစ် ကပ်တိုင်း အရေပြားယားယံမှု မဖြစ်စေရန် နေရာပြောင်း၍ ကပ်ရမည်။
ဆေးလိပ်ပြန်လည်မသောက်မိရန်ပြင်ဆင်ခြင်း
"ထာဝရ ဆေးလိပ်ဖြတ်နိုင်ရန်" အတွက် အကြိမ် ကြိမ် အထပ်ထပ်ကြိုးစားမှု လိုအပ်ကောင်းလိုအပ်နိုင်ပါ သည်။ ဆေးလိပ်ပြန်လည်သောက်မိခြင်းသည် ဖြစ်လေ့ရှိ သော အမှားဖြစ်ပါသည်။ ကျရှုံးခြင်းမဟုတ်ပါ။ နောက် တစ်ကြိမ် ကြီးမားသောအောင်မြင်မှုရရှိရန် အတွေ့အကြုံ သင်ခန်းစာဟု မှတ်ယူရပါမည်။ ပြန်လည်မသောက်မိရန် အကောင်းဆုံးနည်းမှာ အထက်တွင်ဖော်ပြခဲ့သော နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။
ကျန်းမာရေးဌာန၏ အခန်းကဏ္ဍ
အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းအားလုံးသည် မိမိတို့လုပ်ငန်းဆောင်ရွက်စဉ် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူများအား ဆေးရွက်ကြီးအန္တရာယ်အကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးဖြတ်ခြင်း၏ အရေးပါပုံကို အချိန်အနည်းငယ် (တစ်မိနစ်မှ သုံးမိနစ်ခန့် ) ရှင်းလင်း အကြံပြုနိုင်ပါက ဆေးလိပ်၊ ဆေးရွက်ကြီးဖြတ်နှုန်း မြင့်မားလာနိုင်ပါသည်။ ထို့ပြင် သင့်လျော်သော ဆေးရုံ၊ ဆေးခန်းများတွင် ဆေးလိပ်ဖြတ်နိုင်သော စင်တာများ တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်လျက်ရှိပါသည်။ ဆေးလိပ်ဖြတ် သည့် ဆားဗစ်နှင့် ဆေးလိပ်ဖြတ်သည့်ဆေးဝါးများကို လူအများ လက်လှမ်းမီသည့် အခြေအနေရရှိအောင် စီစဉ်ဖန်တီးပေးရန် လိုအပ်ပါသည်။ အချို့နိုင်ငံများတွင် ဆေးလိပ်ဖြတ်သည့် လုပ်ငန်းအပါအဝင် ဆေးလိပ်၊ ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ရန်ပုံငွေကို ဆေးလိပ်၊ ဆေးရွက်ကြီးအပေါ်တိုးမြှင့်ကောက်ခံသော အခွန်အတုတ်ပေါ်တွင် ထပ်ဆောင်း၍ သီးခြား ရန်ပုံငွေအဖြစ် သတ်မှတ် ကောက်ယူအသုံးပြုဆောင်ရွက် လျက်ရှိပါသည်။ ။
- Log in to post comments