ဆောင်းညတစ်ညနဲ့ ဖွံ့ဖြိုးရေးအတွေးများ

Type

 

ခန့်ဇော်(ကျေးလက်)

 

ပုသိမ်မြို့ရေပေးရေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးနှင့် အတူတက်ရန် ခရီးစဉ်ဖြစ်လာလို့ ဇာတိရွာ မရောက်တာ ခြောက်နှစ်ကျော်၊ ခုနစ်နှစ်… အဖေနဲ့မတွေ့ရတာ သုံးနှစ်ခန့်ရှိပြီ။ အဖေက အသက် (၉၁) နှစ်။ အမေကတော့ အသက် (၈၁) နှစ်… လွန်ခဲ့တဲ့ လေးနှစ်က ကွယ်လွန် သွားပြီ။   ဝန်ကြီးထံခွင့်တောင်းပြီး   ဖွံ့ဖြိုးရေးလုပ်ငန်းတွေစစ်ရင်း ဇာတိရွာကို ရောက်ဖြစ်ခဲ့ပါတယ်။

 


တန်ဖိုးထားထိန်းသိမ်းကြ


ဒီတစ်ခေါက်ခရီးထွက်ရတာ ထူးခြားမှုတွေရှိနေပါတယ်။ ၂၃-၁-၂၀၂၂ ရက်နေ့မှာ ဟင်္သာတမြို့နယ်   ပဲကြီးကျွန်းကျေးရွာ   ဆိုလာ အသေးစားဓာတ်အားစနစ် (Solar Mini-Grid) မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကို စိန်ရတုပြည်ထောင်စုနေ့အကြို  ဂုဏ်ပြုဖွင့်တာ ဖြစ်တယ်။ ပဲကြီးကျွန်းရွာဟာ မိုးတွင်းမှာ   ရေပတ်လည်ဝိုင်းပြီး လျှပ်စစ်မီး (Grid) မရောက်နိုင်တဲ့ရွာ ဖြစ်ပါတယ်။ ရေကျချိန်မှာတော့ မိုးတွင်း ရေတက်တုန်းက သဘာဝကပေးခဲ့တဲ့ မြေဩဇာအဆီအနှစ်တွေ ကြွယ်ဝနေတဲ့စိုက်ပျိုးမြေတွေမှာ စပါးပြီးတော့ ဆောင်းသီးနှံ ပဲ၊ မတ်ပဲ၊ ပဲတီစိမ်းတွေ   စိုက်ထားတာ  တစ်မျှော်တစ်ခေါ်ပါပဲ။   မြင်မြင်သမျှ   အစိမ်းရောင်ပင်လယ်ကြီးနဲ့တူနေတယ်။ ဓာတ်မြေဩဇာ ဈေးကြီးရှားပါး ချိန်မှာ  သဘာဝကပေးတဲ့ မြေဆီဩဇာကောင်းလို့   တောင်သူတွေ အဆင်ပြေနေတာကို ဝမ်းသာပီတိဖြစ်ရတယ်။ အရာရာ ပြည့်စုံဖို့ဆိုတာ မလွယ်။ တစ်ခုခုတော့ လိုစမြဲပဲ။ ခု ပဲကြီးကျွန်းရွာ မိုးတွင်းမှာ စက်လှေ သုံးရ…ကားလမ်း မရှိ။ ရေကျပြီး ခြောက်သွေ့ချိန်မှ ကားသွားလို့ ရတယ်။ လျှပ်စစ်မီး (Grid) မရှိ။   သို့သော် ခုတော့ အစိုးရ-ပြည်သူ-     ပုဂ္ဂလိကပူးပေါင်းကြိုးစားမှုကြောင့် Solar Mini-Grid ဖြင့် မီးလင်းပြီး အလင်းရောင်အပြင်   အသေးစားလုပ်ငန်းတွေ   လုပ်နိုင်တော့မယ်။ စိုက်ပျိုးရေးကောင်းလို့ ဝင်ငွေကောင်းနေ အဆင်ပြေနေကြပြီ။ ဆိုလာ အသေးစားဓာတ်အားစနစ် (Solar Mini-Grid) အတွက် ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ကြရလို့ တန်ဖိုးထားကြတယ်။ Prepaid Meter စနစ်ဖြစ်ပြီး   Smart Digital Meter ကို သုံးထားတယ်။ မီတာခကို Grid ထက် ပိုပေးဆောင်သုံးကြရလို့ တန်ဖိုးထားကြတယ်။ လူ့သဘာဝ က အလကားရရင် တန်ဖိုးမထားချင်ကြပေ။ ကိုယ်တိုင်ငွေကြေးထည့်ဝင် ထားပြီး မိမိကိုယ်ပိုင် ဟူသည့် Ownership Mindset ရမှသာလျှင် တန်ဖိုးထားထိန်းသိမ်းကြမယ်။     တန်ဖိုးထားထိန်းသိမ်းရင်တော့ ရေရှည်အတွက်ကောင်းပြီး      ပိုကြိုးစားဆောင်ရွက်ကြဖို့လည်း တွန်းအားဖြစ်ပေလိမ့်မယ်။ ပိုကောင်းတဲ့ Prepaid Meter စနစ်တွေ ပြောင်းသုံးကြရမယ်။

 


၂၄-၁-၂၀၂၂ ရက်နေ့  ပုသိမ်မြို့ရေပေးရေးဖွင့်ပွဲမှာလည်း စိန်ရတု ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဖွင့်လှစ်ခြင်းဖြစ်တယ်။ မိမိ (၁၀)တန်း တက်ခဲ့တဲ့မြို့၊ ကျေးဇူးရှိခဲ့တဲ့မြို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက် ပေးခွင့်ကြုံလို့ ကျေးဇူးရှိတဲ့မြို့ကို ကျေးဇူးဆပ်ခွင့်ရသလို ခံစားရတာ လည်း   ဝမ်းသာကြည်နူးဖွယ်ဖြစ်တယ်။   ဧရာဝတီတိုင်းရဲ့မြို့တော် ဖြစ်သော်လည်း မြို့ရေပေးရေးစနစ်မရှိသေး။ ခုမှ JICA ODA ချေးငွေ ဖြင့် DRD နှင့် စည်ပင်သာယာတို့ ပူးပေါင်းဆောင်ရွက်လို့ မြို့ရေပေးရေး စနစ်တစ်ခုဖြစ်လာပြီး    ရေရရှိရေးနှင့်   ကျန်းမာသန့်ရှင်းရေးနှင့် ပတ်သက်ရင် ၂၀၁၉ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းဟာ ဒုတိယ လိုအပ်ချက်အရှိဆုံးတိုင်းဖြစ်ကြောင်း   တိုင်းတာဝန်ရှိသူများထံ တင်ပြခွင့်ရခဲ့လို့ ၂၀၃၀ မျှော်မှန်းချက်ပြည့်မီရေး စီမံဆောင်ရွက်ကြရာမှာ အထောက်အကူဖြစ်မယ်လို့   ယုံကြည်လို့   ပျော်ရွှင်ရပါတယ်။   ရေ တစ်ယူနစ် ၆၀၀ ကျပ် ကောက်ခံမည်ဟု သိရတယ်။ ချေးငွေဖြစ်လို့ စနစ်တကျ ရေစီမံခန့်ခွဲဖို့လိုတယ်။ ရတဲ့အခွန်အခနဲ့ ချေးငွေပြန်ဆပ် ရမယ်။ ပြင်ဆင်ထိန်းသိမ်းရမယ်။ ရေခွန် ပေးဆောင်ရမှာမို့ အလေ အလွင့်မရှိ     ဗုံးပေါလအောမသုံးအောင်     ထိန်းနိုင်မှာဖြစ်တယ်။ အလကားမရလို့   တန်ဖိုးထားကြရပေမည်။   ချွေတာသုံးစွဲကြရမှာ ဖြစ်တယ်။

 


တိုးတက်မှုအပြည့်


၂၄-၁-၂၀၂၂ ရက်နေ့ ပုသိမ်မြို့မှ ဇာတိရွာအသွား ပုသိမ်-မော်တင် ကားလမ်းတစ်လျှောက်   မြင်ကွင်းတွေက   စိမ်းလန်းစိုပြည်နေသော သစ်တောစိုက်ခင်းများနဲ့ တိုးတက်မှုအပြည့်။ ယခင် ခြောက်နှစ်ခန့်က တောတောင်တွေမှာ အချို့ ရော်ဘာ စိုက်ထားတယ်။ အချို့ Community Forest(CF) စိုက်ခါစ။ တချို့   တောရိုင်းများ၊ ယခု ခြောက်နှစ်ခန့် အကြာမှာ    Community Forest   အစီအစဉ်ဖြင့်    အပြည့်နီးပါး စိုက်ထားတာ အားရစရာ။  အများစုမှာ  မန်ဂျန်ရှားလို့  သိရတယ်။ ၄/ ၅ နှစ်သားလောက်ရှိပြီး   ၁၀ နှစ်အတွင်း   ထုတ်လုပ်နိုင်မှာဖြစ်လို့ သစ်လိုအပ်ချက်ကို အထောက်အကူဖြစ်စေမှာဖြစ်သလို   သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်လို့ Win-Win အခြေအနေပဲ ဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်နိုင်ကြဖို့ ဆန္ဒပြုပါတယ်။

 


ရွာရောက်တော့ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေရဲ့အခြေ အနေ အကဲခတ်ကြည့်တော့ လမ်း၊ ရေ၊ မီး အားလုံး Function ဖြစ်နေ တာတွေ့ရတော့ ဝမ်းသာစရာ။ တာဝန်ကျေကြတယ်လို့ စိတ်ထဲထင်မိ တယ်။ အဖေ့ကိုတွေ့တော့ ကျန်းမာစွာ၊ သန်မာဆဲ၊ ရွှင်ရွှင်ပြုံးပြုံးနဲ့ သားတော်မောင်ကို ဆီးကြိုနေတာ အတိုင်းမသိ ဝမ်းသာမိ၊ ကျေးဇူး ဆပ်ခွင့်ရနေသေးတာ… စောင့်ရှောက်ခွင့်ရှိနေသေးတာကို ကျေးဇူး တင်ရမယ်။  အဖေက အသက် (၉၁) နှစ်ပြည့်ပြီ။   ကိုယ့်ထက်တောင် နုပျိုကျန်းမာနေတာဆိုတော့ ကျေနပ်မိ။ ရွာမှာ ကိုဗစ်-၁၉ တတိယ လှိုင်းအကြောင်းမေးတော့   အသက်ကြီးရောဂါအခံရှိသူအချို့တော့ ဆုံးရှုံးခဲ့ရတာ စိတ်မကောင်းစွာ ကြားရတယ်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ နေရာတကာမှာ ရင်ဆိုင်ကြုံတွေ့နေရတာဆိုတော့ မတတ်နိုင်။ ခုတော့ ကာကွယ်ဆေးအကျိုးသိသူများ ဆေးထိုးပြီး အချို့ Booster ထိုးပြီး တတိယလှိုင်းကို ကျော်လွှားခဲ့ကြလေပြီ။ စတုတ္ထလှိုင်း မဖြစ်အောင်၊ ဖြစ်လာပါက ကာကွယ်တားဆီးနိုင်အောင် စည်းကမ်းတကျ သတ်မှတ် ချက်များနှင့်အညီ နေထိုင်ကြရေး တိုက်တွန်းဖြစ်ခဲ့တယ်။

 


“မြစိမ်းရောင် စီမံကိန်း”ရဲ့အကျိုးကျေးဇူး


ညနေစောင်း   မမှောင်ခင်  ရေမိုးချိုးပြီး ရွာတွင်းလိုက်ကြည့်… ကိုယ်က Mask တပ်ထားတော့ တချို့ မမှတ်မိ။ နှုတ်ဆက်မေးမြန်း စပ်စုကြည့်တော့   စပါးတွေ မကောင်း… ရှုံးတယ်လို့   ပြောတယ်။ ဘာကြောင့်လဲဆိုတော့    သွင်းအားစုဓာတ်မြေဩဇာ   ဈေးကြီးလို့ မသုံးနိုင်လို့  အထွက်နှုန်းကျတယ်ပြောတော့  နိုင်ငံတော်ကလည်း သက်သာသောဈေးနှုန်းနဲ့ သွင်းနိုင်ရေးစီစဉ်နေတဲ့အကြောင်း သတင်း ကောင်းပါးရင်း သဘာဝမြေဩဇာသုံးစွဲကြဖို့လည်း တိုက်တွန်းဖြစ်ခဲ့ ပါတယ်။  

 

ရေလုပ်ငန်းနဲ့ပတ်သက်လို့  “ငါးကျန်ရွက်” လို ငါးမျိုးတွေ ပိုက်ကဖြုတ်နေကြတာတွေ့လို့       မေးကြည့်တော့   အထိအမိရှိ ကြောင်း… အဆင်ပြေကြောင်းကြားရလို့ ဝမ်းသာမိရတယ်။ အိမ်ရှေ့ တိုင်း၊ အိမ်ဘေးတိုင်းနီးပါးမှာ တစ်ပိုင်တစ်နိုင် ဝက်ခြံများ၊ ကြက်များ မွေးမြူထားတာကိုတွေ့လို့ မွေးမြူရေးကို အဆင်ပြေစေတဲ့ “မြစိမ်း ရောင် စီမံကိန်း”ရဲ့အကျိုးကျေးဇူးကြောင့်လို့ တွေးမိတယ်။ သို့သော် ရွာလမ်းက ကွန်ကရစ်လမ်း တစ်အိမ် ငွေကျပ် ၅၀၀၀၀ ထည့်ပြီး ဌာနနဲ့ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ထားလို့ လမ်းက ပနံရ တင့်တယ် နေပေမယ့် ကြက်တွေ၊ ဝက်တွေနဲ့ဆိုတော့ အမြင်တစ်မျိုးဖြစ်နေတယ်။ စနစ်တကျ မွေးမြူရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ်တွေကိုတော့ ‌ဟောပြောလေ့ကျင့်ပေးရဦးမယ်။ 

 


ညနေပိုင်း ထမင်းစားပြီးတော့ ရွာဖွံ့ဖြိုးရေးအကြောင်း ရွာနား ပတ်ဝန်းကျင်နဲ့   မြို့နယ်ဖွံ့ဖြိုးရေးအကြောင်းများ  ဆွေးနွေးတင်ပြ ကြတာ နားထောင်ရင်း ဆောင်ရွက်ပေးနိုင်တာတွေ၊ ကိုယ်တိုင်လုပ် ကြရမှာတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ရေဖိုးမပေးတဲ့ရွာ၊ မြစိမ်းရောင် စီမံကိန်း အတိုး/ အရင်း မပေးတဲ့ရွာတွေကို   ပညာပေးစည်းရုံးဖို့နဲ့ တာဝန်ကျေဖို့၊ တာဝန်မကျေရင် နောက်ထပ်ဖွံ့ဖြိုးရေးတွေထပ်လုပ် ဖို့ အခက်အခဲဖြစ်မှာဖြစ်ကြောင်းတွေ၊ ကိုယ့်တာဝန်၊ ရွာသူရွာသား များရဲ့ တာဝန်ကျေပွန်ရန်တွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

 


ပင်ပန်းတာနဲ့ ည စောစော ၁၀ နာရီခန့်မှာ အိပ်ပျော်သွားတယ်။ အိပ်ရာပြောင်းလို့    ထင်တယ်။    နံနက်   ၃:၁၅  နာရီလောက်မှာ နိုးလာတယ်။ ပြန်အိပ်မရ…ဟိုတွေးဒီတွေးနဲ့ ဖွံ့ဖြိုးရေးအကြောင်းတွေ၊ ကျေးလက်ဒေသစီးပွားရေးအကြောင်းတွေ၊       ကောင်းတာတွေ ဘာကြောင့်ကောင်း၊ ပျက်တာတွေ ဘာကြောင့်ပျက်ရသလဲ စသဖြင့် အတွေးနယ်ချဲ့နေမိတယ်။ 

 


အမေ့ကျေးဇူးတွေကို သတိရတမ်းတမိ


နံနက် ၄ နာရီလောက်မှာ စက်လှေသံ “တဖုတ်ဖုတ်” ကြားရ…ပိုက်သမားတွေ ငါးဖမ်းထွက်တာ ဖြစ်မယ်ထင်တယ်။ နံနက် ၄ နာရီခွဲ လောက်မှာတော့ “ဘော်” “ဘူ”နဲ့ သင်္ဘောဟွန်းသံ ကြားရပြန်တယ်။ ပုသိမ်မြို့မှ    အဆင်းသင်္ဘောလို့   မနက်မိုးလင်းမေးကြည့်တော့ သိရတယ်။ မကြာခင်မှာပဲ   ဘုန်းတော်ကြီးကျောင်းက အုန်းမောင်း ခေါက်သံ၊ ကြက်တွန်သံတွေ ဆက်တိုက်ကြားရတော့ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘဝ သတိရမိသေးတယ်။ ကျွန်တော်ငယ်ငယ်က (၂) တန်းမှ (၇) တန်းအထိ ဘုန်းကြီးကျောင်းသားလုပ်ခဲ့တာလေ။ ပုသိမ်ကို ယခင်ကာလ ကားလမ်းမရှိလို့ သင်္ဘောစီးသွားခဲ့ရ တာတွေ၊ အမေနဲ့အတူ   ပုသိမ်သင်္ဘောပေါ်မှာ   မုန့်ဟင်းခါးရောင်းခဲ့တာတွေ သတိရရင်း အမေ့ကျေးဇူးတွေကို သတိရတမ်းတမိတယ်။
ဒီလိုနဲ့ ဆက်အိပ်မရတာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများရဲ့  တည်တံ့ အောင်မြင်နေတာနဲ့ ပျက်စီးသွားတာတွေအကြောင်း အတွေးနယ်ချဲ့ ဆက်လက်သုံးသပ်နေမိတော့တယ်။

 


ရွာတွင်းလမ်းတွေ ကောင်းနေဆဲ…ဘာကြောင့်လဲ။ တန်ပိုမရှိ တာလည်းပါသလို  စခင်းစဉ်ကတည်းက တစ်အိမ် ငွေကျပ်  ၅၀၀၀၀ ထည့်ထားရလို့ တန်ဖိုးထားထိန်းသိမ်းလို့ ဖြစ်တယ်။ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းလည်း ခြောက်နှစ်ကျော်သုံးပြီးတာတောင် ကောင်းနေ ဆဲ။ အပေါက် လေး၊ ငါးပေါက်ကိုလည်း သင့်ရာနည်းနဲ့ ဖာထားတာ တွေ့ရတယ်။ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကိုတော့   သက်ဆိုင် တဲ့ ဌာနတွေကလည်း ကျေးရွာနှင့်ပူးပေါင်းပြီး လုပ်ပေးဖို့ လိုအပ်ပါ တယ်။ ပျက်အစဉ် ပြင်ခဏမို့ ပျက်ရင်တော့ ပြင်ရမှာပဲ။ 

 


မီးလင်းရေး Grid အနေနဲ့ ဘာကြောင့်ကောင်းနေသေးလဲ…အလကားမရ၊ သုံးသမျှယူနစ်ကို သတ်မှတ်နှုန်းနဲ့ ပေးဆောင်နေရလို့ ဖြစ်တယ်။ ဖုန်းလိုင်းတွေလည်း ကောင်းပါတယ်။ ဖုန်းလည်း Prepaid နဲ့ သုံးသမျှကျခံရတဲ့စနစ်ဖြစ်တယ်။ ရေပေးရေး နည်းနည်းပြဿနာ ရှိတယ်။ ဆည်ကနေ တစ်ဆင့် ရွာ လေး၊ ငါးရွာလောက်ကို ပိုက်လိုင်းစနစ် နဲ့ ဖြန့်တယ်။ တချို့ရွာတွေ မီတာရှိသော်လည်း ငွေမကောက်ကြပေ။ အချို့ရွာတွေကမူ မီတာမရှိသော်လည်း Package စနစ်နဲ့ ငွေကောက် တယ်။ အချို့ရွာတွေမှာတော့ ရေအားမကောင်းတော့။ ဘာကြောင့်လဲ.. စဉ်းစားကြည့်တော့    ဖြစ်နိုင်တာတွေက…     ဆည်အရင်းရွာတွေ၊ လမ်းတစ်လျှောက်က တဲတွေ စည်းကမ်းနဲ့မသုံးဘဲ အလကားရလို့ “ဗုံးပေါလအော”  သုံးနေတာလည်း  ဖြစ်နိုင်တယ်။ ပိုက်လိုင်းအချို့ ပေါက်/ ပျက်လာလို့လည်း ဖြစ်နိုင်တယ်။ အနိမ့်ပိုင်း/ အရင်းပိုင်းရွာတွေ ရေမချွေတာလို့  အမြင့်ပိုင်း/  အဝေးပိုင်းနေရာတွေ ရေ Pressure မရောက်တာလည်း ဖြစ်နိုင်တယ်။ သုံးသပ်ကြည့်ရင် ရေကို အလကား သုံးတာ  မကောင်း၊   သုံးသမျှ   ကျခံသင့်…   လျှပ်စစ်မီးတို့   ဖုန်းတို့ လိုပဲပေါ့။ 

 


လူတွေက အလကားရရင် တန်ဖိုးမထားတတ်ကြဘူး။ ကိုယ်ချင်း စာစိတ် မရှိကြဘူး။ ကိုယ့်လိုသူများတွေ ရကြပါစေ မတွေးကြဘူး။ ကိုယ့်ကြောင့် သူများထိခိုက်တာ မတွေးကြဘူး။ ပေးသင့်တဲ့ ရေခွန်/ ပေးနိုင်တဲ့အခွန် မပေးချင်ကြဘူး။ ဒီလိုနဲ့ အတွေးနယ်ချဲ့ရင်း မနက် မိုးလင်းခဲ့ပါတယ်။

 


၂၅-၁-၂၀၂၂ရက်နေ့   နံနက်စာစားပြီး    အဖေနဲ့  လူကြီးတွေ ကန်တော့ပြီးတော့ စာသင်ကျောင်း သွားကြည့်ဖြစ်တယ်။ ၁၀၀ ရာခိုင်နှုန်း ကျောင်းတက်တယ်ပြောတော့   ဝမ်းသာမိပါတယ်။   ငြိမ်းချမ်းတဲ့ အဓိပ္ပာယ်ပါပဲ။ ပညာရေးက နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ကိစ္စ ဖြစ်တာကိုး။ လိုအပ်တာတွေ မေး၊ လုပ်သင့်တာတွေ ပြောဖြစ်ခဲ့ကြ တယ်။ လိုအပ်ချက်တွေရှိပေမဲ့ အရင်ထက်စာရင် မဆိုးဘူး ပြောရမှာပဲ။ မြို့နယ်ကျေးလက်ဦးစီးမှူးလည်းပါတော့ အချို့ရွာတွေက ကြုံတုန်း ဖွံ့ဖြိုးရေးကိစ္စတွေ လာရောက်တင်ပြကြတယ်။ မြို့နယ်ဦးစီးမှူးကို မှာသင့်တာတွေ မှာခဲ့ရတာပေါ့။ ရေပေးရေးလုပ်ငန်းများ ပြန်လည် ကွင်းဆင်းစစ်ဆေး သုံးသပ်ရန်၊ ဌာနတာဝန်၊ ကျေးရွာတာဝန် စသဖြင့် ခွဲခြားသတ်မှတ်ရန်၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ရန်၊ ရေစီမံခန့်ခွဲမှု ပြန်လုပ်ရန်လည်း တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

 


ဖွံ့ဖြိုးရေးအစီအစဉ်တွေ ပုံမှန်ရေးဆွဲ ဆောင်ရွက်ဖို့၊ ပြည်သူတွေရဲ့ အသံ မပြတ်နားထောင်ဖို့၊ ကျေးရွာပြည်သူတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို တန်ဖိုးထား ထိန်းသိမ်းစေဖို့၊  ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ကို ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ မြစိမ်းရောင်စီမံကိန်း အတိုး/ အရင်း ပုံမှန်ဆပ်စေဖို့၊ အကြွေးမဆပ်တဲ့ရွာတွေရဲ့ တောင်းဆိုမှုတွေ ရှိလာရင် အကြွေးအရင်ဆပ်အောင် စည်းရုံးဆောင်ရွက်ဖို့၊ ရေပေးရေး လုပ်ငန်းတွေမှာ ရေစီမံခန့်ခွဲမှုအစီအစဉ်တွေ  ရေးဆွဲဆောင်ရွက်ဖို့၊ ရေခွန်/ ရေခ ပေးဆောင်စေဖို့၊ ရတဲ့ ရေခွန်/ ရေခနဲ့ ပြင်ထိန်းတာတွေ ပုံမှန်လုပ်ဖို့…စသဖြင့် လုပ်စရာတွေ အများကြီး၊ လုပ်သင့်တာတွေ အများကြီးလုပ်ကြရဦးမယ်။ အစိုးရတစ်ခုတည်း မရ။   ပြည်သူတွေ ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ကြရဦးမယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေရဦးမယ့်အကြောင်း၊ အလကား ဘာမှမရကြောင်း၊ ဝန်ဆောင်မှုအတွက်တော့   ထိုက်သင့်တဲ့ အခွန်/ အခ ပေးဆောင်ကြရမှာဖြစ်ကြောင်း၊ ဒါမှ နိုင်ငံသားတာဝန် ကျေပွန်မှာဖြစ်ကြောင်း…  စသဖြင့် အပြန်ခရီးမှာလည်း   တွေးရင်း ငေးရင်းနဲ့ ဇာတိမြေမှ ပြန်လာခဲ့ပါတယ်။