
နေပြည်တော် စက်တင်ဘာ ၁
နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ စိုက်ဧရိယာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးရန်လမ်းညွှန်ချက်အရ မိုးနေကြာ ဧက ၂၇၀၀၀၀ ကျော် စိုက်ပျိုးရမည်ဖြစ်ကြောင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားခဲ့သည်။
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ရေး စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပစဉ် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မိုးရာသီ နေကြာသီးနှံစိုက်ပျိုးရန် လက်ကျန် ကာလ (၁) လအတွင်း လျာထား ဧကပြည့်မီရေးအတွက် တွန်းအား ပေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ဆောင်းနေကြာသီးနှံ လျာထား ဧရိယာ ဧက ၁၂၀၀၀၀၀ ကျော် ကိုလည်း သတ်မှတ်ရာသီချိန် အတွင်း အောင်မြင်စွာစိုက်ပျိုးနိုင် ရေးကို ယခုကတည်းက ကြိုတင် ပြင်ဆင် စီမံဆောင်ရွက်ထားကြ ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီအသီးသီး အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန် များကို အချိန်မီဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးစရိတ်၊ မျိုး၊ သွင်းအားစု များအတွက် အကြိုလုပ်ငန်းများ ပြင်ဆင်ထားရှိရေးနှင့် ဒေသ အသီးသီးရှိ ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်တို့နှင့် ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု၊ မိုးရာသီနေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်နှင့် စိုက်ပျိုးပြီးစီးမှုကို လည်းကောင်း၊ ဆောင်းရာသီ စိုက်ပျိုးနိုင်ရေး အတွက် ဌာနပိုင်ခြံ၊ စိုက်ကွင်းများ တွင် နေကြာမျိုးစေ့ ထုတ်လုပ် နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် နေကြာမျိုးစေ့ထုတ်လုပ် နေမှုနှင့် မျိုးစေ့လိုအပ်ချက်အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် မည့် အခြေအနေများကို လည်း ကောင်း၊ မိုးနေကြာမျိုးစေ့ထုတ် ဧကအတွက် ဓာတ်မြေဩဇာ ပံ့ပိုး ပေးနိုင်မှုနှင့် ဆောင်းနေကြာ အတွက် ဓာတ်မြေဩဇာ လိုအပ် ချက်များကို လည်းကောင်း၊ အခြားဆောင်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုကို မထိခိုက်စေဘဲ ဆောင်းနေကြာ စိုက်ပျိုးရေး လျာထားချက်ပြည့်မီရေး စီမံ ဆောင်ရွက်ထားချက်များ၊ ဆည် ရေသောက်မြစ်ရေတင်လုပ်ငန်း၊ မြေအောက်ရေလုပ်ငန်း စသည့် ရေရရှိရေး နည်းလမ်းအလိုက် ဆောင်းနေကြာ စိုက်ပျိုးဆောင် ရွက်မည့် အစီအစဉ်များကို လည်းကောင်း သက်ဆိုင်ရာကဏ္ဍ များအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်