
ဘားအံ ဖေဖော်ဝါရီ ၂၂
ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် အစရှိသော ဆီထွက်သီးနှံ များကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု မင်းဇီတောင်သူကွင်းရှိ တစ်ကွင်းတစ်ဆက်တည်း ဧက ၁၀၀ ဆောင်းဆီထွက်သီးနှံ(နေကြာ)စိုက်တောင်သူများအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ် သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံမှု ရှိစေရေး ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးစေ ခဲ့ရာ ဘားအံခရိုင်အတွင်း ၂၀၂၃ ခုနှစ် ဆီဖူလုံမှု ရာခိုင်နှုန်းအနေဖြင့် ၁၄၇ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်ရန်မျှော်မှန်းထားပြီး ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ ဆီထွက်သီးနှံများကို မြေလွတ်၊ မြေလပ်မကျန် တိုးချဲ့ စိုက်ပျိုးရန်လိုအပ်သကဲ့သို့ ဆီထွက်နှုန်းကောင်းမွန် သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အကျိုးအမြတ်ရရှိစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရေး လိုအပ်သည့် သွင်းအားစုများကို အဘက်ဘက်မှ ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေကြာ နှစ်ဧကလျှင် ၅၀၀ ဂရမ်ပါရှိသော ရွက်ဖျန်းမြေဩဇာတစ်ထုပ်နှုန်း ဖြင့် နေကြာဧက ၁၀၀ အတွက် ရွက်ဖျန်းမြေဩဇာ အထုပ် ၅၀ ကို တောင်သူများထံ ထောက်ပံ့ပေးအပ် သည်။
ယင်းနောက် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ပြည်နယ်တာဝန်ခံက နေကြာစိုက်ခင်းများအတွင်း ပျားဖြင့်ဝတ်မှုန်ကူးခြင်းအား လက်တွေ့ရှင်းလင်းပြသ ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြင် ဖြစ်ထွန်းနေသော ဆောင်းဆီထွက်သီးနှံ(နေကြာ) တစ်ကွင်းတစ်ဆက်တည်း ဧက ၁၀၀ စံပြကွက် ကို လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရ သည်။
ပေါ့ထော်ကျေးရွာအုပ်စုတွင် ဆောင်းဆီထွက် သီးနှံ နေကြာ ၂၂၃ ဧက၊ ပဲပုပ် ၅၇၃ ဧက၊ မြေပဲ ၇၆၈ ဧက၊ နှမ်း ၆၉၁ ဧက စုစုပေါင်းဆီထွက်သီးနှံ ၂၂၅၅ ဧကကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)