
နေပြည်တော် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်၍ စစ်တွေ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေး လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ နှစ်စဉ်မြင့်တက်လျက်ရှိသည်။ ထို့ပြင် အဆိုပါ ကုန်သွယ်ရေးစခန်းနှစ်ခုမှတစ်ဆင့် တစ်ဖက် နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်ရာတွင်လည်း ပို့ကုန် တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုပမာဏထက် နှစ်စဉ်မြင့်မားလျက်ရှိသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်မှတစ်ဆင့် လယ်ယာထွက် ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများ အဓိကအားဖြင့် တင်ပို့လျက်ရှိရာ ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ စက်တင်ဘာလအထိ တစ်နှစ်တာ (၂၀၂၁-၂၀၂၂ Mini Budget + ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမခြောက်လ)ကာလအတွင်း ရေထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ငါးမြစ်ချင်းတင်ပို့မှုသည် တန်ချိန် ၆၄၈၈ တန်အထိ ရောက်ရှိခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တင်ပို့နိုင်ခဲ့သည့် စံချိန်တင်တင်ပို့မှုပမာဏဖြစ် သည့် တန်ချိန် ၆၃၇၀ ဒသမ ၆၈ တန်ထက် ကျော်လွန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့အလင်း