စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်း

 

နေပြည်တော်     ဧပြီ     ၁၂


NUG လက်ဝေခံ PDF  အမည်ခံ အကြမ်းဖက်သမားများသည် ကန့်ဘလူ မြို့နယ်    ပဇီကြီးကျေးရွာအနီးတွင်    အခြေခံစခန်းတည်ဆောက်၍ စစ်ကိုင်းတိုင်းဒေသကြီး  နေရာအနှံ့ရှိ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးရုံ၊  ဆေးခန်းများအား  ပစ်ခတ်တိုက်ခိုက်ခြင်း၊  စာသင်ကျောင်း များအား Drop Bomb ချခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဘုန်းကြီးကျောင်း များအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ၎င်းတို့အားမထောက်ခံသည့် သာသနာ့ နွယ်ဝင် ရဟန်းသံဃာများ၊ သီလရှင်များအား ရက်စက်စွာသတ်ဖြတ် ခြင်းများ   ပြုလုပ်ခဲ့ရာ   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီလ  ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ်ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ/ ဆရာမ ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၇ ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါးတို့ သေဆုံးခဲ့ရသည်။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ၅ ရုံ၊ ရုံးဌာန အဆောက် အဦ ၁၉၀၊ ဘုန်းကြီးကျောင်း ၂၀ နှင့် လူနေအဆောက်အဦ ၂၆၄ လုံးတို့ ဖျက်ဆီးခံခဲ့ရသည်။

 


PDF  အမည်ခံအကြမ်းဖက်သမားများအနေဖြင့်  အကြမ်းဖက်မှု လုပ်ရပ်များကို လက်ရဲဇက်ရဲဖြင့် ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့ အတင့်ရဲစွာ  လုပ်ဆောင်လာပြီး ဒေသခံပြည်သူများအပေါ် အကြောက်တရားဖြင့်  ဖိနှိပ်မှုများပြုလုပ်လာခဲ့ကာ မတ်လ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌   အပြစ်မဲ့ပြည်သူ  ကိုးဦးအား   အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်၍ လူနေအိမ် ၆၂ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး အောင်ပွဲ ခံမှုများ ပြုလုပ်ခဲ့သည်။ ၎င်းအကြမ်းဖက်သမားများအနေဖြင့် ကန့်ဘလူ  မြို့နယ် ပဇီကြီးကျေးရွာအနီးတွင် ၎င်းတို့၏ အကြမ်းဖက်ဌာနချုပ် NUG  ရုံးအဖြစ်  တည်ဆောက်၍  ဧပြီ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန် ရှိကြောင်း အကြမ်းဖက်မှုကို ရွံမုန်းနေသည့် ဒေသခံပြည်သူအချို့မှ အချိန်နှင့် နေရာအား တိကျစွာ သတင်းပေးပို့လာခဲ့သည်။

 


သတင်းပေးပို့ချက်အရ  ကျေးရွာနှင့် အကွာအဝေးကို  တွက်ချက် ကာ   အပြစ်မဲ့ပြည်သူများ  မထိခိုက်စေရေး  တပ်မတော်အနေဖြင့် လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းမှုများ ဆောင် ရွက်ခဲ့ရာ PDF  ခေါင်းဆောင် သန့်ဇင်နှင့်  အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင်  ၎င်းတို့အဆောက်အဦဖွင့်ပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့်  အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရာတွင် အသုံးပြုမည့် လက်နက်/ ခဲယမ်းများ ထပ်မံပေါက်ကွဲမှုကြောင့် ပြင်းထန်စွာပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများ ပိုမိုများပြားခဲ့ကြောင်း သိရှိရသည်။
PDF    အမည်ခံအကြမ်းဖက်သမားများအနေဖြင့်    အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ချိန်တွင် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများအား လူသားတံတိုင်း သဖွယ် အကာအကွယ်ရယူခြင်း၊ ဓားစာခံအဖြစ်အသုံးချခြင်းများ ပြုလုပ် လေ့ရှိပြီး    ၎င်းတို့၏   လှုပ်ရှားမှုများတွင်လည်း   ကျေးရွာမိသားစု များကို အတင်းအဓမ္မ  ပူးပေါင်းပါဝင်ဆောင်ရွက်စေမှုများ ပြုလုပ်လေ့ ရှိကာ ရွာသားများ ထိခိုက်သေဆုံးမှုရှိပါက တပ်မတော်အပေါ် မီဒီယာ အရ ဝါဒဖြန့်မှုများဖြင့် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်လျက် ရှိသည်။

 


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်         နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက်  လိုအပ်သည့်  သောင်းကျန်းသူ  ချေမှုန်းရေး၊ စစ်ဆင်ရေးများအား  ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို   အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပြဋ္ဌာန်း ချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်