
သိန်းထွန်း (IR)
ပညာရေး၏ အနှစ်သာရတစ်ခု
ပညာရေးလို့ဆိုလိုက်ရင် ကျောင်းသား တစ်ယောက်ကို ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စဉ်းစားတွေးခေါ်မှု၊ ကိုယ်ကာယကြံ့ခိုင်မှု၊ အကျင့်စာရိတ္တ စတဲ့ ရုပ်ပိုင်း စိတ်ပိုင်း အရည်အသွေးတွေအပြင် အတွေးအခေါ်၊ အပြုအမူ၊ အပြောအဆိုဆိုင်ရာ ကျင့်ဝတ်တွေကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရခြင်းတွေ ပါဝင်ပါ တယ်။ အဲဒီလိုအချက်တွေ ပြည့်စုံမှလည်း အရည် အသွေးရှိတဲ့ပညာရေးလို့ သတ်မှတ်နိုင်တာပါ။ ဒါကြောင့် အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ဖို့ဆိုတာ ကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပါ တယ်။
ပညာသင်ကြားရခြင်းရဲ့ အနှစ်သာရတွေ ပြည့်ဝဖို့ဆိုရာမှာ သင်ရိုးထဲမှာပါတဲ့ သင်ခန်းစာတွေ ကို သင်ပေးရုံ၊ သိရုံ၊ တတ်ရုံအပြင် အခြားအရည် အသွေးတွေရှိနေပါတယ်။ အနီးစပ်ဆုံး တွေ့နိုင်တာ က သင်ခန်းစာ စာအုပ်တွေရဲ့ရှေ့ဆုံးမှာ အမှာစာ ပါပါတယ်။ အဲဒီအမှာစာထဲမှာ သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားပါတယ်။ ဒါက သင်ခန်းစာတစ်ခုချင်းစီတိုင်းရဲ့ ရည်ရွယ်ချက်ဖြစ်ပါ တယ်။
ကျောင်းသားတွေအတွက် သင်ခန်းစာတစ်ခု ချင်းစီအလိုက် ရည်ရွယ်ချက်နဲ့ သူရဲ့အနှစ်သာရတွေ က အရေးပါသလို ဘာသာရပ်အားလုံးနဲ့သက်ဆိုင်ပြီး ကျောင်းသားဘဝမှာသာမက လုပ်ငန်းခွင်နယ်ပယ်၊ လူမှုပတ်ဝန်းကျင်အထိ အသုံးဝင်တဲ့ အရည်အသွေး ဆိုင်ရာ ရည်ရွယ်ချက်တွေလည်း ရှိနေပြန်ပါသေး တယ်။ အဲဒီတွေထဲက တစ်ခုကတော့ ဝေဖန်ပိုင်းခြား တွေးခေါ်မှု အရည်အချင်းပဲ ဖြစ်ပါတယ်။
ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဟာ ကျွန်တော်တို့ ဘဝရဲ့နေရာတိုင်းမှာ အရေးပါပါတယ်။ ကျွန်တော် တို့တစ်တွေ ဆုံးဖြတ်ချက်ချရာမှာ ပြဿနာတွေ ဖြေရှင်းတာနဲ့ သတင်းအချက်အလက် အသစ်တွေကို ဆန်းစစ်ရာမှာ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းက အထောက်အကူဖြစ်စေပါတယ်။ လူတစ်ယောက် အတွက်ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ် အဲဒီလိုအရေးပါတဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို စာသင်ကျောင်းတွေမှာ ဘယ်လိုပြုစုပျိုးထောင်ကြသလဲဆိုတာ စိတ်ဝင် စားစရာကောင်းပါတယ်။
ကျောင်းသားတွေဆိုတာက အသက်မွေးဝမ်း ကျောင်းဘဝတွေကို မရောက်မီ စာသင်ကျောင်း တွေမှာ ဦးစွာတက်ကြတာမို့ စဉ်းစားတွေးခေါ်မှု နဲ့ပတ်သက်လို့ စာသင်ခန်းအတွင်းက သင်ကြားပေး မှုဟာ အရေးကြီးပါတယ်။ ဝေဖန်ပိုင်းခြားစဉ်းစားမှု စွမ်းရည်တွေ ပြည့်ဝတဲ့ ဘက်စုံတော်တဲ့သူတစ်ဦး ဖြစ်လာဖို့အတွက် အချက်အလက်တွေကို ဘယ်လို ပိုင်းခြားသုံးသပ်မယ်၊ အပြန်အလှန်ဆွေးနွေးမှုတွေ ကို ဘယ်လိုအကဲဖြတ်မယ်၊ သက်သေ အထောက် အထားတွေကနေ ဘယ်လိုကောက်ချက်ဆွဲမလဲ ဆိုတဲ့ နည်းစနစ်တွေကို ကျောင်းတွေကနေ ကျောင်းသားတွေကို သင်ကြားပေးကြပါတယ်။
သင်ကြားရေးတာဝန်ယူထားရတဲ့သူတွေအနေနဲ့ သမိုင်းဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ သင်္ချာ၊ စာပေနဲ့ ဝိဇ္ဇာဘာသာရပ်တွေက နမူနာပုံစံတွေ အသုံးပြုပြီး ဝေဖန်ပိုင်းခြားစဉ်းစားတဲ့ ကျွမ်းကျင်မှု တွေကို သင်ကြားပေးကြပါတယ်။ ဒါမှလည်း ကျောင်းသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ်လိုအပ် တဲ့ စွမ်းရည်တွေထဲကတစ်ခုကို ရရှိစေမှာ ဖြစ်ပါ တယ်။
ဝေဖန်ပိုင်းခြားစဉ်းစားတတ်စေဖို့
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဟာ အလွတ် ကျက်မှတ်ခြင်းသဘောထက် သာပါတယ်။ ဒီနည်းလမ်းက အယူအဆတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်စဉ်းစားတတ်ဖို့၊ ပြဿနာတွေ ဖြေရှင်းနိုင် ဖို့၊ တီထွင်ကြံဆတွေးခေါ်ဖို့နဲ့ အသိပညာကို နည်းလမ်းသစ်နဲ့ အသုံးချဖို့အတွက် ကျောင်းသား တွေကို တွန်းအားဖြစ်စေပါတယ်။ ကျောင်းသား တစ်ဦးအတွက် ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှု စွမ်းရည်ဟာ ဘာသာရပ်အားလုံး အောင်မြင်မှု အတွက်သာမကဘဲ နေ့စဉ်ဘဝတွင်လည်း မရှိမဖြစ် လိုအပ်ပါတယ်။
ဝေဖန်ပိုင်းခြားစဉ်းစားတဲ့ လုပ်ငန်းစဉ်မှာ မှန်ကန်တဲ့ ကောက်ချက်ချနိုင်ဖို့အတွက် သက်ဆိုင်ရာဘာသာရပ်နဲ့ဆိုင်တဲ့ ယခင်က အတွေ့ အကြုံတွေနဲ့ အခြေခံဗဟုသုတတွေ ပေါင်းစပ်ပြီး ဆက်စပ် စဉ်းစားရတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စာသင်ခန်းအတွင်းမှာ ကျောင်းသားတွေရဲ့ ဝေဖန် ပိုင်းခြားစဉ်းစားနိုင်တဲ့ အရည်အသွေးတွေ ပြုစု ပျိုးထောင်ဖို့ ဒါမှမဟုတ် မြှင့်တင်ပေးဖို့ဆိုရင် သင်ကြားရေးမှာ တာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍ၊ သင်ကြားရေးနည်းစနစ်၊ အကဲဖြတ်မှု၊ အထောက် အကူပစ္စည်းတွေရဲ့ အရေးပါမှုကို တွေ့ရမှာဖြစ်ပါ တယ်။ ဒီတော့ ကျောင်းတွေမှာ ကျင့်သုံးနေကြတဲ့ စာသင်ခန်းအတွင်း အလေ့အထတွေနဲ့ စဉ်းစား တွေးခေါ်မှုဆိုင်ရာ ယဉ်ကျေးမှုတွေ ပိုပြီး ကျိုးကြောင်းဆီလျော်ဖို့နဲ့ တိကျမှန်ကန်တဲ့ တွေးခေါ်မှုတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးသလဲ ဆိုတာ ပညာရေးရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်း တစ်ရပ် ဖြစ်နေပါတယ်။
ပညာရေးမှာ ဝေဖန်ပိုင်းခြား တွေးခေါ်နည်း ဆိုတာ နည်းစနစ်တကျလုပ်ဆောင်တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး အဲဒီလိုစဉ်းစားတွေးခေါ်မှုဟာ ရိုးရှင်း တဲ့ ရှေးရိုးစဉ်းစား တွေးခေါ်မှုတွေနဲ့ ကွာခြားပါတယ်။ ဥပမာအားဖြင့် ဆရာတစ်ဦးက ကျောင်းသား တစ်ဦး ကို “ထပ်ပြီးစဉ်းစားပါအုံး” ဒါမှမဟုတ် “နောက်ထပ် တစ်နည်း လှည့်စဉ်းစားပါ အုံး” လို့ တိုက်တွန်းတာကို စဉ်းစားကြည့်ပါ။ အမှန်တကယ်က အဲဒီလိုပြောဆို ခြင်းဟာ “ပိုပြီးနက်နဲတဲ့အဖြေရဖို့ ဝေဖန်ပိုင်းခြား စဉ်းစားဖို့” ဆရာကပြောခြင်း ဖြစ်ပါတယ်။
အဲဒီလိုပဲ ကျောင်းသားတွေရဲ့ စဉ်းစားတွေခေါ်မှု တွေ မြင့်တက်လာဖို့နဲ့ ဝေဖန်ပိုင်းခြား စဉ်စားမှုမှာ ကျွမ်းကျင်မှုတွေရှိဖို့အတွက် ပြုစုပျိုးထောင်ပေးတဲ့ နည်းလမ်းတွေ များစွာရှိကြပါတယ်။ ပညာရေးမှာ သာမက အခြားသက်ဆိုင်ရာနယ်ပယ်အလိုက် ကွဲပြားခြားနားမှုတွေလည်း ရှိကြပါတယ်။ ကျောင်းသားတွေအတွက် စာသင်ခန်းအတွင်းမှာ ရှေးရိုးစွဲစဉ်းစားတွေးခေါ်မှုပုံစံတွေကနေ ပြောင်းလဲ ပြီး ဝေဖန်ပိုင်းခြား စဉ်းစားမှုအရည်အသွေး မြှင့်တင် ပေးနိုင်မယ့် အကြံပြုချက်အချို့ရှိပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားသည့်နည်လမ်း သင်ကြားပေးခြင်း
ကျောင်းသားတွေကို ဝေဖန်ပိုင်းခြားစဉ်းစား တတ်အောင် သင်ပေးခြင်းကြောင့် ဖြစ်စဉ်အမှန် အချက်အလက်တွေနဲ့ သဘောထားအယူအဆတွေ အကြား ကွာခြားမှုကို ကျောင်းသားတွေ နားလည်စေ ပါတယ်။ ဖြစ်စဉ်အမှန်တွေဆိုတာက သက်သေ အထောက်အထားတွေကို အသုံးပြုပြီး သက်သေပြ နိုင်တဲ့ မှန်ကန်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။ ထင်မြင်ယူဆချက်တွေဆိုတာက ကိုယ်ရဲ့အတွေ့ အကြုံတွေ၊ ခံစားချက်တွေ၊ ကိုယ်တန်ဖိုးထားတာ တွေနဲ့ နှစ်သက်တာတွေအပေါ် အခြေခံတဲ့ ယုံကြည် ချက် ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် အဖြစ်မှန်အချက်အလက်နဲ့ သဘောထား အယူအဆ ဆိုတာအကြား ရှုပ်ထွေးမှုတွေဖြစ်တတ်ကြပါတယ်။ ဒါကတော့ ကျောင်းသားတွေမှ မဟုတ်ပါဘူး အခြားသူတွေမှာလည်း ဖြစ်တတ်ကြပါတယ်။
ဥပမာအားဖြင့် “နွားနို့ဝယ်ဖို့အတွက် စတိုးဆိုင် ကို ငါသွားမလို့” ဆိုတဲ့စကားမှာ သဘောထား ထင်မြင်ယူဆချက်မပါပါဘဲ ရိုးရိုးရှင်းရှင်းပဲ ပြောထားတာပါ။ အဲဒီလို မဟုတ်ဘဲ “နွားနို့ရဲ့ အရသာကောင်းတယ်” လို့ ပြောလိုက်ရင်တော့ သဘောထား ပါဝင်လာပါပြီ။ ဒါကြောင့် ကျောင်းသား တွေကို ဝေဖန်ပိုင်းခြားစဉ်းစားတဲ့ နည်းလမ်းတွေ သင်ကြားပေးတဲ့အခါ အချက်အလက်နဲ့ ထင်မြင် ယူဆချက်တွေကို ခွဲခြားနားလည်စေရေး အထောက် အကူပေးဖို့ အာရုံစိုက်ဖို့ လိုပါတယ်။ ကျောင်းသား တွေ ကိုယ်တိုင် ဝေဖန်ပိုင်းခြား စဉ်းစားတတ်အောင် ဆရာတွေက သင်ကြားပေးခြင်းဖြင့် ကျောင်းသား တွေဟာ အချက်အလက်တွေကို ခွဲခြားသုံးသပ် နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးတက် စေလာမှာ ဖြစ်ပါတယ်။
ဝေဖန်ပိုင်းခြားစဉ်းစားမှုကို အားပေးခြင်း
ကျောင်းသားတွေ ဝေဖန်ပိုင်းခြားပြီး စဉ်းစားနိုင် အောင်အားပေးဖို့ဆိုတာ အရာရာတိုင်းကို မေးခွန်း မေးတတ်ဖို့ သူတို့ကို အားပေးခြင်းဖြစ်ပါတယ်။ မေးခွန်းတွေ မေးခြင်းဟာ ကျောင်းသားတွေကို ပိုမို တွေးခေါ်တတ်သူတွေ ဖြစ်စေပါတယ်။ မေးခွန်းတွေ မေးခြင်းကြောင့် ကျောင်းသားတွေဟာ ကိစ္စရပ်တွေ ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာနိုင်စေပြီး ၎င်းတို့ကိုယ်တိုင် အဖြေထုတ်လာနိုင်စေပါတယ်။ ဒါ့အပြင် မေးခွန်းတွေမေးတဲ့အတွက် ကျောင်းသား တွေဟာ နက်နက်နဲနဲစဉ်းစားလာသလို ဝေဖန် ပိုင်းခြားနိုင်မှုလည်း ရရှိစေပါတယ်။ မေးခွန်းမေး တယ်ဆိုရာမှာတော့ ဆရာက မေးတာလည်းရှိသလို ကျောင်းသားတွေ မေးတာကိုလည်း ခွင့်ပြုပေးဖို့လိုပါ တယ်။ ဒါ့အပြင် မေးတဲ့မေးခွန်း ထိရောက်လေ ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်မှုကို ပိုမို ထိရောက်စေပါတယ်။
အဖြစ်မှန်နမူနာများကို အသုံးပြုခြင်း
အဖြစ်မှန်နမူနာတွေကို အသုံးပြုခြင်းဟာ ကျောင်းသားတွေရဲ့ တွေးပုံတွေးနည်းကို သင်ကြား ပေးရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ လက်တွေ့အဖြစ်မှန် နမူနာတွေကို အသုံးပြုခြင်းဖြင့် ကျောင်းသားတွေအနေနဲ့ ကျောင်းပြင်ပအခြေအနေ ဆိုင်ရာ အယူအဆတွေကို အသုံးချနိုင်စေပါတယ်။ ဥပမာအားဖြင့် ယုတ္တိမတန်တဲ့ အထင်အမြင်လွဲမှား နေတာတွေကို ဆန်းစစ်သတ်မှတ်တာနဲ့ ပတ်သက် လို့ ဆရာတွေက ကျောင်းသားတွေကို သင်ကြားပေး ခြင်းအားဖြင့် စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးရာမှာ အဲဒီအမှားတွေကို ဘယ်လိုခွဲခြား သတ်မှတ်ရသလဲဆိုတာ ကျောင်းသားတွေကို သင်ကြားပြသနိုင်ပါတယ်။ ဒါ့အပြင် အကျိုး အကြောင်းမဆီလျော်တဲ့ ထင်မြင်ယူဆမှုတွေကို ခွဲခြားသတ်မှတ်တဲ့နည်းကို စာသင်ခန်းအတွင်း သင်ကြားပြသခြင်းကြောင့် အခြားသူတွေပြုလုပ်တဲ့ အမှားတွေကို ဖော်ထုတ်နိုင်တဲ့ အလေ့အကျင့်နဲ့ သင်ခန်းစာယူပြင်ဆင်နိုင်တဲ့ အလေ့အကျင့်ကို ရရှိ စေပါတယ်။
တုံ့ပြန်ချက်ပေးခြင်း
တုံ့ပြန်ချက်ပေးခြင်းဟာလည်း ကျောင်းသား တွေရဲ့ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်တဲ့ စွမ်းရည် မြှင့်တင်ဖို့သင်ကြားပေးရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ကျောင်းသားတွေကို အကောင်းမြင်စိတ်နဲ့ အပြု သဘောဝေဖန်ပေးခြင်းကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ ဒီလို မဟုတ်ဘဲ ကျောင်းသားတွေအပေါ် အပျက်သဘောတုံ့ပြန်ချက်ပေးလိုက်မယ်ဆိုရင် ကျောင်းသားတွေ ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်မလာစေဘဲ ဆုတ်ယုတ်သွားစေနိုင်ပါတယ်။ အပြုသဘောဆောင် တဲ့ တုံ့ပြန်ချက်နဲ့ အကြံပြုချက်တွေကသာ ကျောင်းသားတွေကို အောင်မြင်မှုဆီ ဆက်လက် တက်လှမ်းနိုင်ဖို့ စိတ်ဓာတ်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
စံနမူနာပြခြင်း
ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားစဉ်းစားမှု စွမ်းရည်ကို စံနာမူနာပြခြင်းဟာ ကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့ တွေးခေါ်ရှင်တွေဖြစ်လာဖို့ သင်ကြားပေးရာမှာ အထိရောက်ဆုံးနည်းလမ်းတွေ ထဲက တစ်ခုဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားပြီး ဘယ်လို စဉ်းစားတွေးခေါ်ရမယ်ဆိုတာ ကျောင်းသားတွေကို သင်ကြားပေးဖို့အတွက် ကောင်းမွန်တဲ့ ဝေဖန် ပိုင်းခြားစဉ်းစားနိုင်တဲ့ကျွမ်းကျင်မှုတွေကို စံနမူနာ ပြဖို့လိုပါတယ်။ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်တဲ့စွမ်းရည်တွေမှာဆိုရင် လွတ်လပ်စွာ ဖြေဆိုနိုင်တဲ့ မေးခွန်းတွေမေးခြင်း၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း၊ အရင်းအမြစ်တွေကို အကဲဖြတ် ခြင်းနဲ့ ယုတ္တိမတန်တဲ့ အယူအဆအမှားတွေကို ပိုင်းခြားသတ်မှတ်ခြင်းတို့ ပါဝင်ပါတယ်။ ဘယ်လိုဝေဖန်ပိုင်းခြားစဉ်းစားရမယ်ဆိုတာနဲ့ ကောင်းမွန်တဲ့ ဝေဖန်သုံးသပ်စဉ်းစားဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကျောင်းသားတွေ အတုယူလိုက်နာနိုင်အောင် သင်ကြားပေးသူတွေကိုယ်တိုင် စံနာမူနာပြ ဦးဆောင်ခြင်းဖြင့် ကျောင်းသားတွေကို အောင်မြင် တဲ့ သင်ယူသူတွေဖြစ်အောင် ကူညီဆောင်ရွက်ပေး နိုင်ပါတယ်။
အခြားနည်းလမ်းများ
ဒါ့အပြင် ကျောင်းသားတွေကို ဝေဖန်ပိုင်းခြားတဲ့ စဉ်းစားတွေးခေါ်မှုတွေကို မြှင့်တင်ပေးဖို့အတွက် အခြားနည်းလမ်းတွေလည်း ရှိပါတယ်။ အဲဒီ နည်းလမ်းတွေထဲမှာဆိုရင် ဆုံးဖြတ်ချက်ချမှတ် တာတွေကို အားပေးခြင်း၊ အဖွဲ့လိုက်စုပေါင်းလုပ် ဆောင်ခြင်း၊ မတူညီတဲ့အမြင်တွေကို ပေါင်းစပ်ခြင်း၊ မတူညီတဲ့ အကြံဉာဏ်တွေကို ချိတ်ဆက်ခြင်း၊ တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ စဉ်းစားတွေးခေါ်မှု ကိုနှိုးဆွပေးခြင်းဆိုတဲ့ နည်းလမ်းတွေလည်း ပါဝင် ပါတယ်။ ကျောင်းသားတွေဆိုတာက တစ်ယောက် နဲ့တစ်ယောက် မတူညီတဲ့ အခြေအနေအမျိုးမျိုးရှိတတ်ကြတာမို့ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှု တွေကို မြှင့်တင်ပေးဖို့ဆိုရင် လိုက်လျောညီထွေရှိပြီး ထိရောက်မှု ရှိစေတဲ့နည်းလမ်းတွေကို အသုံးပြုမှ ရလဒ်တွေကောင်းမွန်မှာ ဖြစ်ပါတယ်။
လူသားအရည်အသွေးတစ်ခု
ယနေ့ခေတ်လို ဉာဏ်ရည်တုတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေကြပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ကမ္ဘာကြီးမှာ ဝေဖန်ပိုင်းခြား တွေးခေါ်မှုလို လူသားဆန်တဲ့ တန်ဖိုးတွေ ပိုပြီး အရေးကြီးလာနေပါတယ်။ နည်းပညာအပေါ် မှီခို အားထားခြင်းကြောင့် ဘဝပုံစံတွေကို များစွာရိုးရှင်း စေပေမယ်လို့ တစ်ပြိုင်နက်တည်းမှာပဲ အချို့သော ကျွမ်းကျင်တွေနဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထား မယ်ဆိုရင် အလားအလာရှိတဲ့ အလုပ်ရှင်တွေကို ပိုမိုဆွဲဆောင်မှုရရှိစေပြီး အဲဒီအရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားတဲ့ တစ်ဦးချင်းစီ အတွက်လည်း ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာသင်ခန်းအတွင်းက စဉ်းစားတွေးခေါ်မှု ဆိုင်ရာ ယဉ်ကျေးမှုတွေကို ယခင်ရှေးရိုးစွဲပုံစံကနေ ဝေဖန်ပိုင်းခြားစဉ်းစားတဲ့ပုံစံကို ပြောင်းလဲခြင်းအား ဖြင့် ပညာရေးရဲ့အရည်အသွေးကို မြှင့်တင်နိုင်မှာ ဖြစ်ပြီး ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်မှု ဆိုင်ရာ ကျွမ်းကျင်မှုတွေကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ။
ကိုးကား - Paul Main, Developing Critical Thinking Skills in the Classroom, https://www.structural-learning.com/post/what-is-critical-thinking
- Log in to post comments