
ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် စက်တင်ဘာ ၁၃ ရက်က စားသောက်ကုန်ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချနေမှု၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကင်းမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီးရှေ့ စုရပ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် လူတစ်ဦးလျှင် ဆန်တစ်ပြည် ငွေကျပ် ၁၆၀၀၊ ဆီ ၂၅ ကျပ်သား ငွေကျပ် ၁၂၀၀၊ ကြက်ဥတစ်လုံးငွေကျပ် ၁၇၅ ကျပ်ဖြင့် ၁၀ လုံးနှုန်း ရောင်းချပေးနေမှုများနှင့် လာရောက်ဈေးဝယ်သူများအား ကြည့်ရှုအားပေးပြီး STOP COVID - 19၊ နှာခေါင်းစည်းတပ်ပါ၊ လက်ဆေး ပါ၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါဆိုသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များပါရှိသည့် အဝါရောင်တီရှပ်များနှင့် နှာခေါင်းစည်းများကို ဈေးဝယ်သူပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာသာသနာ့ဗိမာန်တော်ကြီး၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးခံမည့် ဒေသခံပြည်သူ ၁၅၀ ကျော်ကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ က အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်ပူချိန် တိုင်း ခြင်းတို့ကိုဆောင်ရွက်ပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထပ်ဆောင်းကာကွယ်ဆေးနှင့်အပို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မြို့နယ် အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ၃၉၀ အား ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေမှုများကိုကြည့်ရှုအားပေးပြီး ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းသားမိဘများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း နေထိုင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)