စာပေကောင်းကျိုး စဉ်သယ်ပိုးသည့် ဆရာကြီး မောင်သာနိုး

Type
1

 

    ရဲရင့်နဒီ (စာပေဗိမာန်)
 

 

မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော စာပေပညာရှင်ကြီးများထဲတွင် ဆရာကြီး မောင်သာနိုးသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ စာပေအမျိုးအစားများစွာ ရှိသည့်အနက် ကဗျာရေးသားသူ၊ ဘာသာပြန်ဆိုသူ၊ ဝေဖန်ရေးစာပေ ရေးသားသူအဖြစ် မြန်မာစာပေလောကတွင် ထူးခြားထင်ရှားသည့် ဆရာတစ်ဦးလည်းဖြစ်သည်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ပါဠိဘာသာတို့ကို ကျွမ်းကျင်တတ်မြောက်သည့်အပြင် နိုင်ငံခြားဘာသာအချို့ကိုလည်း လေ့လာလိုက်စား နားလည်သူဖြစ်သည်။ 

 


ဆရာကြီး၏ ငယ်ဘဝ

ဆရာကြီးကို ၁၉၃၄ ခုနှစ် မေလတွင်  စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့၌ အဖ ကျောက်ဆောက် ခင်မောင်ကလေး၊ အမိ   ဒေါ်စံမြင့်တို့က   မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ သုံးဦး ရှိသည့်အနက် သားအလတ်ဖြစ်သည်။   အမည်ရင်းမှာ ကျောက်ဆောက်သာနိုးဖြစ်ပြီး   အစ်မ ဖြစ်သူမှာ    ဒေါ်လှမင်း၊   ညီဖြစ်သူမှာ ကျောက်ဆောက်အံ့ထူးဖြစ်သည်။ ဆရာ ကြီးသည် ငယ်စဉ်ကတည်းက စာပေကို ဝါသနာကြီးမားခဲ့ပေရာ အင်္ဂလိပ်နှင့် ပါဠိ ဘာသာတို့ကို    ဖခင်ထံမှ    အတတ် သင်ယူလေ့လာခဲ့သည်။ အဘိုးဖြစ်သူမှာ တောင်ထားဝယ်ဗိုလ် ကျောက်ဆောက် မြို့စား တိုင်တားမင်းကြီး ဦးဖိုး ဖြစ်သည်။

 


၁၉၅၃   ခုနှစ်တွင်  စစ်ကိုင်းမြို့၊   အမှတ် (၁)၊    အစိုးရအထက်တန်းကျောင်းမှ ဒသမတန်း အောင်မြင်ခဲ့သည်။ အထက် တန်းကျောင်းသား   ဘဝကတည်းက စာအတိုအထွာလေးများ ရေးသားကာ ရှုမဝ၊ သွေးသောက် စသည့်မဂ္ဂဇင်းများ သို့ ပေးပို့ပြီး ဖော်ပြခံရပါက ဝမ်းသာနေ တတ်သည်။ ၁၉၆၅ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ   ဝိဇ္ဇာဘွဲ့   (အင်္ဂလိပ်စာ)၊ ၁၉၇၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ) ရရှိခဲ့သည်။ ၁၉၅၃ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်ဝန်းကျင်တွင် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးနှင့် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း   အင်္ဂလိပ်စာ  စာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် မောင်သိင်္ဂါအမည် ဖြင့် ကဗျာများ ရေးသားခဲ့သည်။ အမျိုး သမီးအမည်များဖြင့် ဝတ္ထု၊ ကဗျာများ ရေးသားသည်။ မောင်သိင်္ဂါ အမည်နှင့် ရေးသည့် ကဗျာများတွင် “မလင်းပြာသို့’’ ကဗျာသည် ထင်ရှားသည်။

 


တက္ကသိုလ်ကျောင်းသားဘဝကပင် အင်္ဂလိပ်စာပြဆရာ   ဖြစ်လာသည်။ စာပေပညာဖြင့်   နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို ပံ့ပိုးပေးချင်ခဲ့သည်။ ထို့ကြောင့် စာပေနှင့်   ဆက်နွှယ်သမျှ    ဗဟုသုတ များစွာကို  လေ့လာခဲ့၏။  ဖတ်ခဲ့၏။ သူ့ထံသို့ လာရောက်ပြီး အင်္ဂလိပ်စာလေ့လာဆည်းပူးသူများကိုလည်း စေတနာ ထား၍ သင်ကြားပေးသည်။ သူသည် စာပေလောကကို ကလေးဘဝကတည်း က စတင်ခဲ့ရသည့်အတွက် နောင်အနာ ဂတ်ကာလများတွင် ထင်ရှားကျော်ကြား သော      စာပေပညာရှင်လူငယ်များ ဆင့်ပွား   ပေါ်ပေါက်လာစေနိုင်ရေးကို လည်း  မျှော်လင့်ခဲ့သည်။   ထို့ကြောင့် မန္တလေးမြို့တွင် ရှန်တက္ကသိုလ် အမည် ရှိသည့်   ပုဂ္ဂလိကကျောင်းအပါအဝင် အခြားသင်တန်းများတွင်ပါ  အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။   အင်္ဂလိပ်စာ လေ့လာဆည်းပူးသူများအတွက်   အင်္ဂ လိပ်စာနှင့် ပတ်သက်သည့် စာအုပ်များကို လည်း   ထုတ်ဝေခဲ့သည်။   ဆရာကြီး ပထမဆုံးရေးသည့်  အင်္ဂလိပ်သဒ္ဒါစာအုပ် မှာ English the Easy Way ဖြစ်သည်။

 


ရေးသားခဲ့သော စာပေများ


၁၉၅၆ ခုနှစ်တွင်  လူထုသတင်းစာ၊ ၁၉၆၃ ခုနှစ်တွင် မန်းခေတ်သတင်းစာ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ်တိုင် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း က ကျင်းပသော စာတမ်းဖတ်ပွဲများတွင် မောင်သိင်္ဂါ၊ မောင်သာနိုး အမည်များဖြင့် စာတမ်းများတင်သွင်းခဲ့ရာ “ဗမာစာပေ အရေးအသား”စာတမ်းမှာ ထင်ရှားသည်။ ၁၉၆၈ ခုနှစ်တွင် “ထင်းရှူးပင်ရိပ်” နိုင်ငံ ခြားကဗျာ ဘာသာပြန်ထုတ်ဝေ၍ မြန်မာ ကဗျာ  တစ်ခေတ်ဆန်းရေး   ကြိုးပမ်းခဲ့ သည်။   ၁၉၇၇   ခုနှစ်တွင် ဆာအက်ဒွင် အန်းလ်ဒ်၏ ကမ္ဘာကျော် The Light of Asia ကို  “အာရှတိုက်ရဲ့ အလင်းရောင်”  အမည်ဖြင့် မြန်မာပြန်သည်။ ၁၉၈၀ ပြည့် နှစ်တွင် မဟာစည်ဆရာတော်၏ “အခြေခံ  ဝိပဿနာရှုနည်း”၊  ၁၉၉၃   ခုနှစ်တွင် ဦးအေးမြင့်၏    “မြန်မာ့ရိုးရာဒီဇိုင်း”၊  ဒေါက်တာခင်မောင်ဝင်း  (အသည်း)  ၏   “အမေနှင့်ကျွန်တော်”    စာအုပ်များကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။

 


၁၉၆၈ ခုနှစ်တွင် ဆရာကြီးသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ၁၉၆၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်တိုင် အင်္ဂလိပ်စာသင် ဆရာအဖြစ် အသက်မွေးခဲ့သည်။ စာပေ များလည်း   ဆက်လက်ရေးသားခဲ့ပြီး အင်္ဂလိပ်စာကို   လေ့လာလိုက်စားသူ သင်တန်းသားများစွာကို ပညာဖြန့်ဝေ ပေးခဲ့သည်။ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင် အမြုတေ၊   ရင်ခွင်သစ်၊  ရွှေအောင်လံ၊ ဟန်သစ်၊  မဟေသီ၊  ကလျာ၊  မိုးဝေ၊ အိပ်မက်ဖူး၊   ရနံ့သစ်၊   စောင့်ကြည့် ဂျာနယ်၊    စံပယ်ဖြူအမျိုးသမီးမဂ္ဂဇင်း စသည့်   မဂ္ဂဇင်းစာစောင်များတွင် ဆောင်းပါးများစွာ    ရေးသားခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားကဗျာတစ်ပုဒ်ကို ဘာသာပြန်ပြီး   စာဖတ်သူနားလည် အောင်၊   ခံစားတတ်အောင်    ဖွင့်ဆို ဆွေးနွေးသည့် ဆောင်းပါးများ ဖြစ်သည်။

 


ဆရာကြီးသည်  ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာဗေဒ၊   အင်္ဂလိပ် ဘာသာစကား စသည့်စာအုပ်များအပါ အဝင် အုပ်ရေ ၈၀ ကျော်၊ ဆောင်းပါးပေါင်း ၁၀၀၀   ကျော်  ရေးသားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါတက္ကသိုလ် နိုင်ငံတကာ စာပေ အရေးအသားညီလာခံ၊   အီလီနွိုင်း တက္ကသိုလ်   မြန်မာမှုစာတမ်းဖတ်ပွဲ၊ ၂၀၁၀ ပြည့်နှစ်တွင် တောင်ကိုးရီးယား နိုင်ငံ၊   ဆိုးလ်မြို့   မာန်ဟဲဆရာတော် နှစ်ပတ်လည်      စာတမ်းဖတ်ပွဲများ တက်ရောက်ခဲ့သည်။ နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်    ရုရှားဘာသာကို တက်ရောက်လေ့လာခဲ့ပြီး     ပြင်သစ် ဘာသာ၊ တရုတ်ဘာသာ၊  ကိုရီးယား ဘာသာတို့ကို လေ့လာလိုက်စားခဲ့သည် ဟု သိရသည်။

 


ခိုးစားတဲ့သစ်သီး    စာအုပ်ထဲတွင် ဆရာကြီးက “ကျွန်တော်ဟာ စာရေး ဝါသနာပါတယ် ဆိုကတည်းက ဝတ္ထုတို တွေရေးခဲ့ပါတယ်။   တက္ကသိုလ်မဂ္ဂဇင်း တွေနဲ့ လူထုဂျာနယ် စတာတွေမှာ အခါ အားလျော်စွာ   ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့်   နောင်မှာ သတင်းစာဆရာ လုပ်လိုက်တော့      ဆောင်းပါးဘက် အားသန်ပြီး ဝတ္ထုဘက်  အရေးကျဲခဲ့ပါ တယ်။ စောစောပိုင်းက ဘာသာပြန်ဝတ္ထု တော်တော်များများ   အားထုတ်ခဲ့ပေမယ့် နောက်ပိုင်း  ကဗျာပဲ   ဘာသာပြန်များ သွားတယ်” ဟု ရေးသားထားသည်။
ဆရာကြီးသည် ၁၉၈၆ ခုနှစ် ဇွန်လ ၁၀  ရက်တွင်   မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့သူ    ဒေါ်ခင်လေးနွယ်နှင့် အိမ်ထောင်ပြုခဲ့သည်။   အစစအရာရာ ပါရမီဖြည့်ပေးသည့် ဇနီးဖြစ်သူအပေါ် ကြင်နာတတ်သူလည်းဖြစ်ရာ ဆရာကြီး ၏   ဂန္ထဝင်   နိုင်ငံခြားကဗျာရှည်ကြီး လေးပုဒ်ကို    ဘာသာပြန်ဆိုထားသည့် မဟာကဗျာစာအုပ်ထဲတွင် “မဂ္ဂဇင်း ဟောင်းတွေကို စာအုပ်ပုံအကြိုအကြား မှာ ဒုက္ခခံ  ရှာဖွေပေးခဲ့တဲ့  အိမ်ရှင်မရဲ့ ကျေးဇူးကတော့ ထိပ်ဆုံးပါပဲ”ဟု ဖော်ပြ ထားသည်။ ထို့ပြင် ဆရာကြီး၏ ဆောင်း ပါးအချို့တွင် “ဒေါ်ခင်လေးနွယ်၊ မခင် လေးနွယ်”ဟူ၍ ဇနီးဖြစ်သူ၏အကြောင်း များကို အလျဉ်းသင့်သလို ထည့်သွင်းဖော်ပြ တတ်သည်ကိုလည်း ဖတ်ရှုရပါသည်။    ဆရာကြီး၏ ထင်ရှားသော စာအုပ်များ
ဆရာကြီးသည် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဘာသာပြန်နှင့်  ဝေဖန်ရေးဆိုင် ရာ ဆောင်းပါးများစွာ   ရေးသားခဲ့သည့် အနက်    ပင်ကိုရေးစာအုပ်များထဲတွင် ဗမာစာ  ဗမာစကား(၁၉၇၂)၊  ခိုးစားတဲ့ သစ်သီး(၁၉၉၆)၊   အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့  ပြန်ဆိုထားသည့် စာအုပ်များထဲတွင်    ကဗျာသဘော တရား(၁၉၆၆)၊ ထင်းရှူးပင်ရိပ်(၁၉၆၈)၊ အာရှတိုက်ရဲ့ အလင်းရောင်(၁၉၇၇)၊ မဟာကဗျာ (၁၉၉၂)၊ အိုမာရ်ခိုက်ယမ်း (၁၉၉၄)၊ နိုင်ငံရပ်ခြား ကဗျာများ(၁၉၉၅)၊ မြန်မာဘာသာမှ  အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့်  စာအုပ်များထဲတွင် Songster in a Boat by Tin Moe(1963)၊ Red and Blue by Maung Swan Yi(1981)၊ Fundamentals of Insight by Mahasi Sayadaw (1981)၊ Burmese Design Through Drawings by U Aye Myint(1994)   စသည့်စာအုပ်တို့မှာ နာမည်ကျော် လူကြိုက်များလှသည်။

 


အင်္ဂလိပ်စာအတွက် ရေးသားခဲ့သည့် English The Easy Way၊ English Gra-mmar For All၊ Translation InPractice (ဘာသာပြန်လက်တွေ့) စသည့် စာအုပ် များသည်လည်း ထင်ရှားသည်။ အင်္ဂလိပ် စာ လေ့လာသူများ၊ သင်တန်းသားများ၊ ဆရာ  ဆရာမများအတွက်     လက်စွဲ စာအုပ်ပင် ဖြစ်သည်။

 


ဆရာ မကြိုက်သော အမှားများ


ဆရာကြီးသည်    သူ၏နာမည်ကို လွဲမှားရေးပါက စိတ်ဆိုးတတ်ကြောင်းကို ဆရာကြီး၏ ဆောင်းပါးများ၌ ဖတ်ရှုသိရှိ ရသည်။ 
တစ်ခါတွင် ဆရာကြီးသည်  မှတ်ပုံ တင်အသစ်ပြုလုပ်ရာ သူ၏  မှတ်ပုံတင် ကတ်အဟောင်းတွင်   ပါရှိသည့်   အမည် ကျောက်ဆောက်သာနိုးကို      ရပ်ကွက် ကောင်စီစာရေးက   ကူးယူရေးသားရာ ကျောက်ဆောင်သာနိုးဟု မှားရေးသည့် အတွက်   ထောက်ပြပြင်ဆင်ခဲ့ရသော် လည်း မှတ်ပုံတင်အသစ် ထွက်လာသည့် အခါ   ကျောက်ဆောင်သာနိုးပင်ဖြစ် နေကြောင်း၊   အမှားကို    ထောက်ပြရာ ငြင်းဆိုနေသည့်အတွက်  အချေအတင် ပြောဆိုခဲ့ရကြောင်း၊ ကတ်ပြားပေါ်တွင် ဖျက်ပြီးပြင်ပေးလိုက်သော်လည်း နိုင်ငံ ခြားသွားခါနီး   ပတ်စ်ပို့(Passport)  လုပ်ရာမှာ ပြဿနာပေါ်လာ၍ ဟိုလူဒီလူ အကူအညီရယူကာ  မှတ်ပုံတင်အသစ် ထပ်မံပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

 


ထို့ပြင် ဆရာ့ဇနီး ဒေါ်ခင်လေးနွယ်၏ ကျောက်ဆောက်အမည်ဖြင့်   စာအုပ် ထုတ်ဝေရေးလုပ်ငန်းကို စာစောင်တစ်ခု တွင် ကြော်ငြာထည့်ရာ ထုတ်ဝေသူနေရာ တွင် ကျောက်ဆောင်ဟု မှားရေးထား ကြောင်း၊ ထို့ကြောင့် တခြားစာစောင်များ တွင်   ကြော်ငြာထည့်ပါက   ကျောက် ဆောင်ဟု မှားရေးလျှင် ပိုက်ဆံမပေးဟု သတိပေးပြောကြားရသည်အထိ ဖြစ်ခဲ့ရ သည်ဟု ဆိုသည်။

 


ဆရာ့အမည်ကို အင်္ဂလိပ်လိုစာလုံးပေါင်းလျှင်လည်း    Thar Noe     ဟု ရေးသားနေကြကြောင်း၊ r မပါကြောင်းကို အမြဲသတိပေးနေရကြောင်း၊ အထူးသဖြင့် ဟိုတယ်၊ ပုဂ္ဂလိကဆေးရုံ စသည်တို့သို့ သွားသည့်အခါ နာမည်ကို အင်္ဂလိပ်လို ရေးမှတ်လျှင် r မပါသည်ကို စောင့်ကြည့် ပြောပေးနေရကြောင်း၊   အင်္ဂလိပ်လို ထုတ်ဝေသည့် အပတ်စဉ်ထုတ် စာစောင် တစ်စောင်ကို   နှစ်ပေး  မှာယူကြည့်ရှုရာ လိပ်စာနေရာတွင်   U Thar Noe    ဟု ရေးထားသောကြောင့်  ပြင်ပေးခိုင်းရာ မလွယ်ကူတော့ကြောင်း သိရ၍ တစ်နှစ် သည်းခံပြီး   ဖတ်ရှုခဲ့ကြောင်း၊  နောက် တစ်နှစ်မှာလည်း ထိုကဲ့သို့ ထပ်မှားနေ ပြန်၍ စာစောင်ကို မယူတော့ဘဲ ဖြတ်ပစ် လိုက်ကြောင်း သိရသည်။ 

 


ဆရာကြီးသည် စာရေးသားရာတွင် စကားပြေဖြင့်သာ   ရေးသားလေ့ရှိပြီး စာလုံးတိုင်းကို အသေးစိတ်လေ့လာပြီး  ဂရုတစိုက် ရေးသားသူဖြစ်သည်။ စာလုံး တစ်လုံးချင်းစီတိုင်းတွင်    အဓိပ္ပာယ် ပြည့်ဝနေ၍  မဂ္ဂဇင်း၊  စာစောင်များသို့ စာမူများ ပေးပို့ရာတွင်လည်း သူရေးထား သည်ကို    သေချာဂန   နားမလည်ဘဲ ဝင်ရောက်ပြင်ဆင်သည့်  စာပြင်ဆရာ၊ အယ်ဒီတာများကို  အလွန်ပင်  သဘော မကျ ဖြစ်တတ်သည်။ 

 


အင်္ဂလိပ်စာတတ်လိုသူများအတွက်


အင်္ဂလိပ်စာကို   လေ့လာနေသူများ အတွက်  ဆရာကြီးက သူ့ကိုယ်တွေ့နှင့် ယှဉ်ပြီး  ပြောဆိုထားသည့်  ဆောင်းပါး တစ်ပုဒ်တွင် သဒ္ဒါတတ်ရုံနဲ့ အင်္ဂလိပ်စာ မတတ်ကြောင်း၊ စာဖတ်မှသာ စာတတ် ကြောင်း၊ အခြေခံသဒ္ဒါ ပိုင်ဖို့ သဒ္ဒါသင်ရုံ၊ ကျက်မှတ်ရုံနှင့် မရနိုင်ကြောင်း၊ ထို့ပြင် အင်္ဂလိပ်စကား ပြောတတ်ဖို့၊  ဘယ်နေရာ မှာ Idiom  သုံးမလဲ၊   ဘယ်နေရာမှာ  Phrasal Verb    သုံးမလဲဆိုသည်ကို သင်လို့ရတာ၊ ပုံသေ အလွတ်ကျက်ရတာ မဟုတ်ကြောင်း အင်္ဂလိပ်စကားပြောသူ များရေးသည့်  စာများကို များများဖတ်ဖို့ သာ လိုအပ်ကြောင်း၊ ရေဒီယို နားထောင်၊ တီဗွီကြည့်ဆိုတာသည် သာမန် အင်္ဂလိပ် စကားပြောဖို့၊ ရေးဖို့ကိုသာ အထောက် အကူပြုနိုင်သော   နည်းလမ်းများဖြစ် ကြောင်း၊  အင်္ဂလိပ်စာကို    လူရိုသေ၊ ရှင်ရိုသေ အဆင့်ရှိအောင်   ရေးတတ်ဖို့ ဆိုလျှင် အင်္ဂလိပ်စာ များများဖတ်သည့် နည်း တစ်နည်းသာရှိသည်    ဆိုသည်ကို သိစေချင်ကြောင်း တိုက်တွန်းပြောဆို ထားသည်။

 


ထို့ပြင် ကျောင်းနေခဲ့သည့် လူချင်း အတူတူ   စာဖတ်သူနှင့်    မဖတ်သူမှာ ဖတ်သူက  ပိုတတ်နေပြီး   မဖတ်သူက ရပ်နေရတတ်ကြောင်း၊    စာဖတ်တယ် ဆိုရာမှာ   အပျင်းပြေဖတ်တာရှိသလို ကိုယ့်မှာမရှိသေးသဖြင့်     ဖြည့်သည့် သဘော ဖတ်ရတာမျိုးလည်းရှိကြောင်း၊ လူရာဝင်ချင်သည်၊လူတစ်လုံး သူတစ်လုံး ဖြစ်ချင်သည်ဆိုလျှင် စာမဖတ်၍ ဖြစ်ကို မဖြစ်ကြောင်း၊ စာကောင်းပေကောင်းကို ရွေးချယ်ဖတ်တတ်ဖို့လိုကြောင်း  ဆရာ ကြီး၏   “သိအောင်စာဖတ်ရတယ်” စာအုပ်ထဲတွင် ပြောကြားထားသည်။

 


ကဗျာအကြောင်း၊ ရစ်သမ်အကြောင်း 


ဒွေးချိုး၊   လေးချိုး၊   လွမ်းချင်း၊ တမ်းချင်း၊ ဘောလယ်    စသည်ဖြင့် အမည်အမျိုးမျိုးရှိကြသော်လည်း ကဗျာ ကို အကြမ်းဖျင်း ခွဲခြားလိုက်ပါက စာနု နှင့် စာပြောင်ဟူ၍  နှစ်မျိုးရှိကြောင်း၊ စာပြောင်ဆိုသည်မှာ လှောင်ပြောင်သည့် စာဟု ဆိုလိုခြင်းမဟုတ်ဘဲ ပြောင်မြောက် သည့်စာဟု   ပြောလိုရင်းဖြစ်ကြောင်း၊ မြန်မာဂန္ထဝင်ကဗျာကို မကျွမ်းကျင်ဘဲ မြန်မာခေတ်ပေါ်ကဗျာကို   ဖန်ဆင်းဖို့ ဆိုသည်မှာ စိတ်မကူးအပ်သည့်အရာပင် ဖြစ်ကြောင်းနှင့် ရစ်သမ်ကို ကဗျာပေါ်ဦး ကတည်းက ကဗျာဆရာများ အသုံးချ လာခဲ့ကြောင်း ဆရာကြီးက သတိပြုကြ ရန် ပြောကြားထားသည်။ မြန်မာကဗျာ နှင့် ရစ်သမ်တို့၏ သဘောတရားများကို နားလည်စေရန်၊ ရစ်သမ်၏ အရေးပါပုံကို လေ့လာနိုင်စေရန် အသေးစိတ်ရှင်းလင်း ဖော်ပြထားသည့် “ရစ်သမ်အကြောင်း” စာအုပ်ထဲတွင် ဆရာကြီးက-


“တစ်ခုတော့   သတိထားရမယ်။ ကဗျာဆိုတာ အကောင်းဆုံး အညွန့်ဆုံး ဘာသာစကားကို   ခေါ်တာဖြစ်တယ်။ သာမန် စကားပြောရာမှာတောင် စကား ပြောကောင်းသူနဲ့  စကားပြောညံ့သူ ရစ်သမ် မတူဘူး။ စကားပြောကောင်းသူ ဟာ  သူပြောနေတဲ့   အကြောင်းအရာ အလိုက် လိုက်ဖက်အောင် ရစ်သမ်ကို ဖန်တီးအသုံးချသွားတတ်တယ်။ ပြောနေ တာက စိတ်တက်ကြွဖွယ်ရာ၊ သုံးနေတဲ့ ရစ်သမ်က လေးလေးတွဲ့တွဲ့၊ ပျင်းရိစရာ ဆိုရင် အကျိုးမရှိပေဘူး။ သွက်တဲ့အခါ သွက်၊   နှေးတဲ့အခါ  နှေး၊  အကြောင်း အရာအလိုက် ကဗျာဆရာဟာ သူ့ကဗျာ ရဲ့ ရစ်သမ်ကို ဖော်ထုတ်ပေးဖို့  လိုလိမ့် မယ်” ဟု ရေးသားထားသည်။

 


ဆရာကြီး၏ အယ်ဒီတာဘဝ


သတင်းစာတိုက်  တစ်တိုက်တွင် ဆရာကြီး   တာဝန်ထမ်းဆောင်နေစဉ် မိတ်ဆွေတစ်ဦးက     လူငယ်လေး တစ်ယောက်ကို   ခေါ်လာပြီး  “သူက ကာတွန်းဆွဲတာ ဝါသနာပါတယ်၊ သူဆွဲ ထားတဲ့ ကာတွန်းလေးတွေ   ယူလာပါ တယ်၊ အဲဒါ သင့်တော်သလို ခင်ဗျားတို့ သတင်းစာမှာ သုံးပေးပါဗျာ”ဟု မိတ်ဆက် စကားဆိုခဲ့သည်။  အချိုးအစား  ကျနမှု မရှိသည့် ရုပ်ပုံမျှသာရှိသော ကာတွန်းပုံ များကိုကြည့်ပြီး  ဆရာကြီးက   အယ်ဒီ တာချုပ်ကို   တင်ပြပါဦးမည်ဟု   ဆိုကာ လက်ခံထားလိုက်သော်လည်း အသုံးမပြု ခဲ့ဟု ဆိုသည်။

 


အယ်ဒီတာတိုင်းသည် မိမိတို့တိုက် သို့ ရောက်လာသမျှ ရုပ်ပုံ၊ စာမူများကို မသုံးကြကြောင်း၊ သို့သော်  တစ်ယောက် တလေက အားနာပါးနာ မကောင်းတတ် လို့ သုံးပေးနေကြကြောင်းနှင့် အားနာ မှုသည်    ဆိုးကျိုးပေးတတ်ကြောင်း၊ အရုပ်လည်း  မလှ၊  ရယ်လည်း  မရယ်ရ သည့် ကာတွန်းများကို  သုံးခြင်းသည် မဂ္ဂဇင်းစာမျက်နှာများကို ဖြုန်းတီးခြင်း ဖြစ်ပြီး စာဖတ်သူကို စိတ်တိုနေစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အားပေးသင့်သူ ကိုသာ အားပေးရမှာဖြစ်ကြောင်း၊ ပါရမီ အခံရှိသူကိုသာ    အားပေးရမည်ဖြစ် ကြောင်း လမ်းညွှန်ခဲ့သည်။

 


ပန်းချီအစွမ်းအစ     ပြနိုင်သည့် လက်သင်တစ်ယောက်ကို တွေ့နေပါက အားပေးပါ။ ပန်းချီကျော်တစ်ယောက် ဖြစ်လာပါစေ။   သူမတူအောင်   ပြောင် မြောက်သော   ကဗျာများ  စမ်းရေးနေ သည့် ကလောင်သစ်ကလေးကို သတိပြု မိပါက အားပေးပါ။ ဘာမှ ကိုယ့်အစွမ်း အစမပါ၊ ဟိုက ဒီက အချက်အလက်တွေ ကူးယူပေါင်းစပ်ပြီး ဆောင်းပါးလုပ်ထား တာမျိုး၊  ဝတ္ထုလုပ်ထားတာမျိုး၊ ဘာမျှ အဆန်းတကြယ် မဟုတ်သော   အခြင်း အရာတစ်ခုကို အတွေးအခေါ်ကြီး တစ်ခု နှယ် ကာရန်သီကာ ကဗျာလုပ်ထားတာ မျိုး၊   အင်္ဂလိပ်စာကိုဖတ်ပြီး    မှန်မှန် ကန်ကန် အဓိပ္ပာယ်မကောက်တတ်ဘဲ တလွဲ  ဘာသာပြန်ထားတာမျိုးဆိုလျှင် အားနာရမည် မဟုတ်ကြောင်း စသည် ဖြင့် သတင်းစာတိုက်တွင်   ဆရာကြီး တာဝန်ထမ်းဆောင်စဉ်က လုပ်ဟန်ကို နမူနာယူကြရန်၊   အယ်ဒီတာများနှင့် စာပေဝါသနာပါသူများအနေဖြင့်  ဂရုပြု လိုက်နာကြရန် ပြောပြထားသည်။

 


စာပေဝါသနာပါသူများ   အနေဖြင့် အမှန်တကယ်    ကိုယ်ဖြစ်ချင်သည့်၊ ကိုယ်ဝါသနာပါသည့်   အလုပ်   ဟုတ် မဟုတ်ကို သေချာစစ်ဆေးကြည့်ရမည် ဖြစ်ကြောင်း၊ အမှန်တကယ် ဝါသနာပါ ကြောင်း ကိုယ့်ကိုယ်ကိုယ် စိတ်ချသွား သည့်အခါ ဝတ္ထုဖြစ်လျှင်လည်း ဝတ္ထု အလိုက်၊ ကဗျာဖြစ်လျှင်လည်း ကဗျာ အလိုက် တတ်သိရမည့် ပညာရပ်များကို အပတ်တကုတ် ကြိုးစားဆည်းပူးရမည် ဖြစ်ကြောင်း၊ အထိုက်အလျောက် ပြည့်ဝ မှသာ ဝတ္ထုရေးဖို့၊ ကဗျာရေးဖို့ ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း၊ ထိုအခါကျမှသာ အယ်ဒီတာများကလည်း အားပေးသင့်သူ ကို တတ်နိုင်ရာက မြေတောင်မြှောက်ပေး ကြရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက အဂတိလိုက်စားခြင်းဖြစ်ပြီး အပြစ်ကြီး လှကြောင်း ရေးသားတင်ပြထားသည်။

 


စာရေးချင်သူများအတွက်


ဆရာကြီး၏ “မောင်သာနိုးရဲ့ နိုင်ငံ ရေးအမြင်” စာအုပ်ထဲတွင် “စာရေးတယ် ဆိုတာ တစ်ဖက်သားကို  စာနဲ့   စကား ပြောနေတာဖြစ်တယ်။   ကိုယ်ပြောတဲ့ စကားအတွက်  အင်မတန်  တာဝန်ကြီး ပါတယ်။ မပေါ့ဆရဘူး။ ကိုယ်တိုင်က နားလည်မှ၊    သိမှ ရေးသင့်တယ်။ ကိုယ်တိုင်က မသိဘဲ               ရေးတယ်ဆိုတာ လတ်တလော   လူပြိန်းအထင်ကြီးတာ ခံရနိုင်သော်လည်း  နောင်တတ်သိသူနဲ့ တွေ့သွားရင်  အနည်းဆုံး  အထင်သေးခံရ မယ်”ဟု သတိပေး ရေးသားထားသည်။

 


ဝေဖန်ရေးစာပေ ရေးဖြစ်သည့်
အကြောင်းရင်း


ဆရာသည် စာရေးဝါသနာပါသော် လည်း    ဝေဖန်ရေးဆရာလုပ်မည်ဟု မရည်ရွယ်ခဲ့ဖူးကြောင်း၊       တစ်နေ့ တွင်    ဆရာမကြီး   လူထုဒေါ်အမာက တို့တိုင်းပြည်မှာ    စာပေဝေဖန်ရေးသမား ဟုတ်တိပတ်တိ မရှိသေးသောကြောင့်  တစ်ယောက်ယောက်က    ကြိုးစားဖို့ ကောင်းတယ်ဟု   ပြောဆိုရာ   ဆရာက ဆရာမောင်စွမ်းရည်ကို အကြုံပြုပေးခဲ့ ကြောင်း၊ နောက်ပိုင်းတွင်  ဆရာမောင် စွမ်းရည်သည်   စာပေဝေဖန်ရေးဆရာ တစ်ဦးအဖြစ်    အသိအမှတ်ပြုခံခဲ့ရ ကြောင်း၊  ဆရာမောင်သာနိုး   ကိုယ်တိုင် လည်း ၁၉၇၃ ခုနှစ်တွင် ဆရာမြသန်းတင့် ၏ ဓားတောင်ဝတ္ထုစာအုပ်ကို ဝေဖန်ခဲ့ ကြောင်းနှင့် နောက်ပိုင်းတွင် ဘာသာ စကားနှင့် ပတ်သက်သည့် ဝေဖန်ရေးများ ရေးသားခဲ့ကြောင်း သိရသည်။

 


ဆရာသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပါဠိတို့နှင့် ပတ်သက်၍ နိုင်သလောက် လေ့လာထားသည်ဖြစ်ရာ မဟုတ်မဟတ် ရေးသားလာလျှင် ကြည့်တတ်၊ မြင်တတ် နေပြီး အခြားသူများလို ငြိမ်မနေတတ် သည့်အတွက်  ထပြောမိတတ်ကြောင်း၊ ငယ်ငယ်ကတည်းက    မဟုတ်မဟတ် ပြောတာကြားလျှင် သည်းခံမနေတတ်၊ တတ်ယောင်ကား    လုပ်တာမြင်လျှင် ကြည့်မနေတတ်ကြောင်း၊ အမျိုးသား ဘာသာစကားအတွက်   တာဝန်သိသူ၊ စေတနာရှိသူများက ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းရှာကြံနေချိန်တွင်     တတ် ယောင်ကားများက ဝင်နှောက်သည့်အခါ  ချေပရမည်ဖြစ်သည့်အတွက် ပြန်လည်ချေပခြင်းဖြစ်ကြောင်းနှင့်  တတ်ယောင် ကား ဖြီးဖြန်းနေသည်ကို အထုပ်ဖြေပြပြီး စာပေ   ဒေါက်တာ    ရမ်းတုတ်တွေကို မောင်းထုတ်ခြင်းသာဖြစ်ကြောင်း ဆရာ့ ဆောင်းပါးများ ဖတ်ရှုရခြင်းမှ တစ်ဆင့် သိရှိရပါသည်။

 


စကားပြောဟန်ရေးနည်းကို ပထမဆုံး စတင်ခဲ့သူ


စကားပြောဟန်ဖြင့်    စာအရေး အသားကို    စတင်ခဲ့သူများထဲတွင် ဆရာကြီး မောင်သာနိုးလည်း အပါအဝင် ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် အထက်ဗမာ နိုင်ငံ   စာရေးဆရာအသင်းက   နှစ်စဉ် ကျင်းပမြဲဖြစ်သည့်     စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွင် ဗမာစာပေ ရေးသား ပြုစုရာ၌    ရှေးခေတ်သုံး   ဂန္ထဝင်ဗမာ စကားကို မသုံးဘဲ ခေတ်ပေါ်ဗမာစကား ကိုသုံးပြီး   ရေးသားကြဖို့   “ဗမာစာပေ အရေးအသား”  စာတမ်းကို  တင်သွင်းခဲ့ သည်။ စာရေးရာတွင် စကားပြောသလို ရေးသားရန် တစ်နည်းအားဖြင့် ခေတ်ပေါ် စကားကို သုံးရန် အကြံပြုသည့် စာတမ်း ဖြစ်သည်။ ထိုစာတမ်းကို နိုင်ငံတစ်ဝန်း လုံးမှ   ဝေဖန်သူအများအပြား  ရှိခဲ့ကြ သည်။      

(ဆက်လက်ဖော်ပြပါမည်)