စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် (ဒုတိယနေ့) စာပေဟောပြောပွဲ ဆက်လက်ကျင်းပ

 

ရန်ကုန်   ဩဂုတ်  ၂၄


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်(၇၅) နှစ်ပြည့် စိန်ရတုအထိမ်း အမှတ် (ဒုတိယနေ့) စာပေဟောပြောပွဲကို  ယနေ့ နံနက် ၉ နာရီခွဲတွင်  ရန်ကုန်မြို့ ကျောက်တံတားခရိုင် ကုန်သည်လမ်းနှင့်(၃၇)လမ်းထောင့်ရှိ စာပေဗိမာန် ခန်းမ၌     ဆက်လက်ကျင်းပရာ    ဟောပြောပွဲသို့  စာရေးဆရာကြီးများ၊    ဆရာမကြီးများ၊   ပုံနှိပ်ရေး နှင့်    ထုတ်ဝေရေးဦးစီးဌာနမှ   တာဝန်ရှိသူများ၊   စာပေဝါသနာရှင်များ၊     စာပေချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာတည်းမှူးချုပ်   ဦးတိုးကျော်က စာပေဗိမာန် (၇၅)နှစ်ပြည့်  စိန်ရတုအခမ်းအနား  ကျင်းပရန်အတွက် ဆောင်ရွက်နေမှုများနှင့် စာပေဟောပြောပွဲ ကျင်းပရ ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍ နံနက်ပိုင်း စာပေဟောပြောပွဲကို ကျင်းပရာ “အဆင့်အတန်းမြင့်သော စွယ်စုံကျမ်း ပြုစုထုတ်ဝေခြင်း” ခေါင်းစဉ်ဖြင့် ဆရာ ဦးအေးကျော် မင်း (မြန်မာစာ၊ မြန်မာစကား သုတေသီ)၊ ဆရာ ဦးကျော်ဦး (ပါရမီစာပေ)၊ ဆရာ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း) တို့က   ဟောပြောကြပြီး    မွန်းလွဲပိုင်း စာပေဟောပြောပွဲတွင်  “စာပေဗိမာန် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့် ဆရာ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဆရာမ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ဆရာ  ဦးညွန့်ဟံ (ကြူတော)တို့က ဟောပြောကြသည်။

 


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ကျော်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

 


ယနေ့ကျင်းပသည့်   စာပေဟောပြောပွဲသည် ၁၉၄၇ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် စတင်တည်ထောင် ခဲ့သည့်     ပြန်ကြားရေးဝန်ကြီးဌာန   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်  ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး အဆိုပါ စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအခမ်း အနားကို ဩဂုတ် ၂၆ ရက်တွင် စာပေဗိမာန်၌ ခမ်းနား ထည်ဝါစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့်(ပြန်/ဆက်)