
ရန်ကုန် အောက်တိုဘာ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များ၊ TV, FM Broadcaster များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ် အမှတ်(၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာ လုပ်ငန်း (မြဝတီ) (MWD Media Centre)တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ပြည်သူ့အတွက် ဦးစားပေးဆောင်ရွက်နေ
ရှေးဦးစွာ မြဝတီမီဒီယာစင်တာရှိ Theatre ၌ ပြည်ထောင်စု ဝန်ကြီးက နှုတ်ခွန်းဆက်ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နုပျိုသစ်လွင်သည့် တင်ဆက်မှုများကို အများပြည်သူ ဝန်ဆောင်မှုမီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေးဆောင်ရွက်နေ ပါကြောင်း၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာရှင်များအနေဖြင့် လည်း အနုပညာစွမ်းအားကိုယ်စီဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မွန်းကျပ်နေသော ပြည်သူများ ပြုံးပျော်ရွှင်အောင် ဆောင်ရွက်ပေးရန် အချိန်ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်လာနိုင်မှုနှင့်အတူ အနုပညာလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဖြေလျှော့ပေးခြင်း၊ ပံ့ပိုးကူညီပေး ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အနုပညာရှင်များကို လေးစားပြီး ပညာရှင်များအဖြစ် သတ်မှတ်ကာ လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် မကြခဏ မှာကြားလေ့ရှိပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြဝတီမီဒီယာစင်တာကို အများပြည်သူအတွက် အနုပညာရှင်များက နိုင်ငံတကာအဆင့်မီ အဆင့်မြင့်စွာ ဖန်တီး ထုတ်လုပ်တင်ဆက်နိုင်ရန် ၂၀၁၉ ခုနှစ်ကတည်းက စတင်ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အနုပညာအဆင့် အတန်းတစ်ခု ပိုမိုမြင့်တက်လာအောင် မြော်တွေးပြီး စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြဝတီမီဒီယာစင်တာကို အစီအစဉ် ၁၈ ခုဖြင့် လိုက်လံရှင်းလင်းပြသမည်ဖြစ်ရာ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာ ရှင်များနှင့် TV, FM Broadcaster များအနေဖြင့် မြဝတီမီဒီယာစင်တာကို အသုံးပြုပြီး အနုပညာလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဖန်တီး ထုတ်လုပ်နိုင်ရန် အသုံးပြုကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ယခုကဲ့သို့ စာပေ၊ ဂီတ၊ အနုပညာရှင်များအားလုံးနှင့် တစုတစည်းတည်း တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် နယ်မြေအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင် စီးပွားရေးရာတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်များ အနေဖြင့်လည်း အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အနုပညာရှင်များ ပါဝင်ဆောင်ရွက်ကြမည့် ပွဲလမ်း သဘင်များ ကျင်းပနိုင်ရေးအတွက် ပွဲမိန့်မှစ၍ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အနုပညာရှင်များ၏ အခက်အခဲများကို ကူညီ ပံ့ပိုးဆောင်ရွက်ပေးခြင်းအားဖြင့် အနုပညာရှင်များအနေဖြင့် အနုပညာ စွမ်းအားကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ပြီး အများပြည်သူအတွက် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု ပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ မြဝတီသတင်း နှင့် မီဒီယာလုပ်ငန်းမှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက မြဝတီမီဒီယာစင်တာတွင် အနုပညာလုပ်ငန်းများ နိုင်ငံတကာအဆင့်မီ ရိုက်ကူးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး မြဝတီမီဒီယာစင်တာအကြောင်း Video Clip ကို ပြသသည်။
ကြည့်ရှုလေ့လာ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသည့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၊ TV,FM Broadcaster များ စုစုပေါင်း အင်အား ၁၅၀ ခန့်နှင့်အတူ မြဝတီမီဒီယာစင်တာ အတွင်းရှိ Theatre၊ Studio(1)၊ Studio(2)၊ Radio Studio၊ Sound Studio၊ Mini Studio၊ Cinema၊ News Studio၊ Talk Show Studio၊ Box Seat Room၊ CER Rooms၊ Music Studio၊ Control Room၊ Control 1&2၊ Indoor Studio၊ စာကြည့်တိုက်၊ Training Room၊ ရုံးခန်းများ၊ Ball Room၊ Open Terrence၊ Meeting Room တို့တွင် သရုပ်ပြသမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
မြဝတီမီဒီယာစင်တာကို ပြည်သူလူထု ယုံကြည်အားထားရသည့် မီဒီယာလုပ်ငန်းကြီးအဖြစ် မီဒီယာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် မီဒီယာအခန်းကဏ္ဍကို နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေ ၂ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီစင်တာတွင် 4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့် လူ ၂၀၀ ဆံ့ ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projectorများ ပါဝင်သည့် လူ ၃၀၀ ဆံ့ ကဇာတ်ရုံ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများ ပြုလုပ်နိုင်သည့် စတိတ်စင်၏ နောက်ခံဒီဇိုင်း များ၊ လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်သည့် TV Studio အခန်းများ၊ Mini Studio ခန်းများ၊ News Studio များ၊ Music Studioများ၊ သင်တန်း ခန်းမများ၊ စီးပွားရေးဆိုင်ရာ ရုံးခန်းများပါရှိပြီး နယ်ပယ်စုံမှ အနုပညာ သမားများနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်သူများကို တစ်နေရာတည်းတွင် အဆင့်မြင့် နည်းပညာသုံး အသံဖမ်းစတူဒီယိုများ၊ ရိုက်ကူးထုတ်လွှင့် တင်ဆက်မှုများဖြင့် ဆောင်ရွက်နိုင်အောင် ဝန်ဆောင်မှုပေးနိုင်ကြောင်း၊ မြဝတီမီဒီယာစင်တာရှိ Studio များ အားလုံး၏ ရိုက်ကူးတင်ဆက်မှု များကို TV Channel များတွင် တိုက်ရိုက်(Live) ထုတ်လွှင့်နိုင်သကဲ့သို့ Online Media အမျိုးအစားပေါင်း ၂၀၀ ကျော်တွင်လည်း တစ်ပြိုင်တည်း Live Streaming ထုတ်လွှင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်