
ဗုဒ္ဓဘာသာတရားတော်သည် လူသားအားလုံး တို့အပေါ်၌ ကွဲပြားခြားနားခြင်းမရှိဘဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတို့ကို အညီအမျှထားရှိပြီး ငြိမ်းချမ်းညီညွတ်စွာ အတူတကွ ယှဉ်တွဲနေထိုင် သွားကြရန် လမ်းညွှန်ပါသည်။
ဗုဒ္ဓရှင်တော်ကိုယ်တိုင်သည်ပင် သတ္တဝါ အားလုံးတို့အပေါ်၌ တစ်သမတ်တည်းထားရှိသော သဘောထားတို့ကို စံနမူနာပြအဖြစ် ကျင့်သုံးတော် မူ ခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ သတ္တဝါအားလုံးတို့အပေါ်၌ ထားရှိသည့် အညီအမျှဖြစ်သည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတို့ကို ပေါ်လွင်စေရန် အောက်၌ ဖော်ပြထားသော ဖြစ်စဉ်အချို့ကို သာဓကအဖြစ် ဖော်ပြပါအံ့-
b မြတ်ဗုဒ္ဓသည် သူ့ကို ထီးမိုးပေးနေသော ဗြဟ္မာကြီးနှင့် သူ့ကို တိုက်ခိုက်လာသော မာရ်နတ်အပေါ်၌ ထားရှိသော မေတ္တာတော် မှာ ကွဲပြားခြင်းမရှိ တစ်သားတည်းအဖြစ် ထားရှိတော်မူ၏။
b မြတ်ဗုဒ္ဓသည် မွေးသဖခင်ကျေးဇူးရှင် သုဒ္ဓေါဒနမင်းကြီးအပေါ်မှာ ထားရှိသော မေတ္တာတော်နှင့် နှောင့်ယှက်ဖို့ရန် အမြဲ အားထုတ်နေသော ယောက္ခမ သုပ္ပဗုဒ္ဓ မင်းကြီးအပေါ်မှာ ထားရှိ သော မေတ္တာတို့မှာ လည်း အတူတူပင်ဖြစ်၏။
b မြတ်ဗုဒ္ဓသည် သူ့ကိုသတ်အံ့သောငှာ အခွင့် ချောင်းနေသော ဒေဝဒတ်အပေါ်မှာထားသော မေတ္တာတော်မှာ သားချစ်ရာဟုလာအပေါ် ထားရှိသော မေတ္တာတော်နှင့် တစ်သားတည်း ဖြစ်၏။
b မြတ်ဗုဒ္ဓသည် ကြင်ယာတော် ယသော်ဓရာ နှင့် ဆန့်ကျင်ဘက်တိတ္ထိဂိုဏ်းတို့၏ စေခိုင်း မှုကြောင့် မြတ်ဗုဒ္ဓကို သူမ၏ လင်ယောက်ျား ဟု စွပ်စွဲလာသော စိဉ္စမာနအပေါ်မှာလည်း အညီအမျှမေတ္တာ ထားရှိတော်မူ၏။
b မြတ်ဗုဒ္ဓသည် ပိဋဋ္ဌူဘ၏ သတ်ဖြတ်မှုကြောင့် သေဆုံးကြရသော သာကီဝင်ဆွေတော် မျိုးတော်များနှင့် ရက်ရက်စက်စက်သတ်ဖြတ် ခဲ့သော ပိဋဋ္ဌူဘအပေါ်မှာလည်း ကရုဏာ တော်ကို အညီအမျှပင် ထားရှိတော်မူ၏။
b မြတ်ဗုဒ္ဓသည် ရိုသေစွာလုပ်ကျွေးပြုစုသော အရှင်အာနန္ဒာနှင့် ဆိုးသွမ်းညစ်ညမ်းသော အလုပ်အကျွေးပြုသော သုနက္ခတ္တရဟန်းတို့ အပေါ်မှာလည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ တို့ကို အညီအမျှထားရှိတော်မူ၏။
b မြတ်ဗုဒ္ဓသည် ရာဇဂြိုဟ်၌ သီတင်းသုံးစဉ် သတ်အံ့သောငှာ ချီတက်လာသော နာဠာဂီရိ ဆင်အပေါ်မှာ ကြီးမားသောမေတ္တာ၊ ကရုဏာ ထားတော်မူ၏။ ထိုနည်းတူစွာ ပါလိလေယျ ကတောမှာ နေတော်မူစဉ် တရိုတသေ လုပ်ကျွေးပြုစုသော ပါလိလေယျက ဆင် အပေါ်မှာလည်း အားကြီးသော မေတ္တာ ကရုဏာတော်ကို အညီအမျှ ထားရှိတော်မူ ပါသည်။
တရားချစ်ခင်သူတော်စင်အပေါင်းတို့-
ဗုဒ္ဓဘာသာဝင် ဗုဒ္ဓ၏သားတော်၊ သမီးတော် များ ဖြစ်ကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့သည် အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ၏ အဆုံးအမ မီးရှူးတန်ဆောင်အလင်းရောင်၏ အောက်မှာ လူသားအားလုံးတို့အပေါ် လူမျိုး၊ ဘာသာ မခွဲခြားဘဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတို့ကို အညီအမျှထား၍ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေဟု နှစ်သစ်နှစ်ဦးမှာ ဆုတောင်းလိုက်ရပါသည်။
‘သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ’
သီတဂူဆရာတော်
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်