
ကေကေစိုး
အစ္စတန်ဘူလ်မြို့ရှိ စီးပွားရေး အချက်အချာကျသည့်ခရိုင်တွင် သာမန်နေ့တစ်နေ့ကဲ့သို့ပင် အသက်ဝင်လှုပ်ရှားနေသည်။ ဈေးဆိုင်များ ပြည့်နှက်နေပြီး လူများမှာလည်းဈေးဝယ်ရန် ဟိုဟိုဒီဒီသွားလာလှုပ်ရှားနေကြသည်။ ဆီးရီးယားအချိုပွဲစားသုံးရန်အတွက် ဈေးဆိုင်ငယ်လေးရှေ့တွင် စောင့်ဆိုင်းနေကြသူများလည်းရှိသည်။
ပြောင်းရွှေ့လာသည့်ဒုက္ခသည်များ
အဆိုပါ စားသောက်ဆိုင်ငယ်များမှာ အစ္စတန်ဘူလ်မြို့ ဖာတစ် ခရိုင် ဈေးဝယ်ဇုန်တွင်တည်ရှိပြီး အများစုမှာ ဆီးရီးယားဒုက္ခသည်များ ပိုင်ဆိုင်ကြသည်။ လူနေမှုဘဝ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် အစ္စတန်ဘူလ်သို့ ပြောင်းရွှေ့လာသည့် ဒုက္ခသည်များ ဖြစ်ကြသည်။ အသက် ၅၇ နှစ်အရွယ် မဟီရာမှာလည်း ဆီးရီးယားဒုက္ခသည်တစ်ဦး ပင်ဖြစ်သည်။ ၎င်းမှာ အစ္စတန်ဘူလ်သို့ ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိနေပြီး ဆီးရီးယားပြည်တွင်းစစ်အတွင်း မိသားစုနှင့်အတူ ထွက်ပြေးလာသူလည်း ဖြစ်သည်။
နေသားကျနေပြီ
၎င်းကဲ့သို့ အသက်အရွယ်ရှိသူတစ်ဦးအနေဖြင့် အရာအားလုံးထား ရစ်ခဲ့ကာ ထွက်ပြေးလာရန်မှာ ခက်ခဲလှသည်ဟုပြောသည်။ တိုင်းပြည် နှင့် အမှတ်တရများစွာကို ထားရစ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။ အစ္စတန်ဘူလ်သို့ရောက်လျှင်ရောက်ချင်း စုဆောင်းထားသမျှ ငွေဖြင့် မိုဘိုင်းဖုန်းဆိုင် ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့ မိသားစုမှာ နေထိုင်ရာ ဇာတိ မြို့သို့ပြန်ရန် အစီအစဉ်မရှိတော့ဟု ၎င်းက ပြောသည်။ အစ္စတန်ဘူလ် တွင် နေသားကျနေပြီဟု ၎င်းက ဆက်ပြောသည်။
လူဦးရေများပြားလာ
ဖာတစ်ခရိုင်တွင် နေထိုင်ကြသူများမှာ ၎င်းတို့ကို သူစိမ်းများ သို့မဟုတ် ဒုက္ခသည်များအဖြစ် မဆက်ဆံကြကြောင်း ၎င်းကပြော သည်။ တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သည့် အစ္စတန်ဘူလ်ရှိ လူဦးရေမှာ ဒုက္ခသည်များပါ ထည့်ပေါင်းလျှင် သန်း ၂၀ အထိ ရှိလာပြီ ဟု အစ္စတန်ဘူလ်မြို့တော်ဝန် အီခရမ်အီမာမိုလူက ဩဂုတ် ၁၇ ရက် တွင်ကြေညာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အစ္စတန်ဘူလ်မြို့ရှိ လူဦး ရေမှာ ၁၀ သန်းအထိရှိခဲ့ပြီး ယခုအခါသန်း ၂၀ အထိ ရှိလာပြီဟု ၎င်းက ပြောသည်။ အစ္စတန်ဘူလ်မြို့မှာ သမိုင်းတွင် ယခုကဲ့သို့ ထိန်းချုပ်မရနိုင်လောက်သည့်အထိ လူဦးရေများပြားလာခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။
ခိုလှုံရာနေရာ
၂၀၂၀ ပြည့်နှစ်တွင် တရားဝင် အချက်အလက်များအရ မြို့တော် လူဦးရေမှာ ၁၅ ဒသမ ၄၆ သန်းရှိသည်။ တူရကီနိုင်ငံသည် ဒုက္ခသည် လေးသန်းအတွက် ခိုလှုံရာနေရာဖြစ်ခဲ့သည်။ အဆိုပါဒုက္ခသည် လေး သန်းအနက် ၃ ဒသမ ၆ သန်းမှာ ဆီးရီးယားဒုက္ခသည်များ ဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ သို့သော်လည်း အထောက်အထားမဲ့ခိုးဝင်နေထိုင်သူများလည်းရှိရာ ဒုက္ခသည်အရေအတွက်မှာ တရားဝင်စာရင်းဇယားထက် ပိုမိုများပြား မည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
ပြောင်းလဲမှုတစ်ရပ်
ဒုက္ခသည်အများစုမှာ ဆီးရီးယားမှဖြစ်ပြီး အာဖဂန်၊ အီရတ်၊ အီရန် နှင့် အခြားသောအာဖရိကနိုင်ငံများမှ ဒုက္ခသည်များလည်း အစ္စတန် ဘူလ်တွင် နေထိုင်ကြသည်။ အစ္စတန်ဘူလ်မှာ တူရကီနိုင်ငံ၏ ဘဏ္ဍာ ရေးနှင့် ယဉ်ကျေးမှု အချက်အချာကျသည့် မြို့ဖြစ်သည်။ မြို့တော် တွင် နေထိုင်ကြသည့် ဒုက္ခသည်အရေအတွက်မှာ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိသည်ဟု မြို့တော်ဝန်က ပြောသည်။ မြို့တော် သန်းခေါင် စာရင်းအတွက် ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်ပင် ဖြစ်သည်။
ဖိတ်ခေါ်ထား
လက်ရှိနေထိုင်နေကြသည့် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး အတွက် မည်သို့ကူညီပေးရမည်၊ လူနေမှုဘဝများကို မည်သို့ ထောက်ပံ့ ပေးရမည်၊ အမျိုးသမီးနှင့်ကလေးငယ်များကို မည်သို့အကာအကွယ်ပေး ရမည် အစရှိသည်တို့အတွက် လုပ်ကိုင်ပေးရမည်ဟု မြို့တော်ဝန်က ပြောသည်။ ယင်းအချက်ကို ဆွေးနွေးရန်အတွက်လည်း အခြားသော အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားသည်။ အင်ကာရာရှိ လူမှုသိပ္ပံ တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဒစ်ဒမ်အီရှီက လက်ရှိ ဒုက္ခသည် အရေအတွက်ကြောင့် မြို့ ရှိလူဦးရေစာရင်းကို အပြောင်းအလဲဖြစ်စေ သည်ဟု ပြောသည်။
ပို၍ ယှဉ်ပြိုင်လာရ
မြို့တွင် လက်ခံနိုင်သည့် အင်အားထက်ပို၍ ဒုက္ခသည်များ များပြားနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အစ္စတန်ဘူလ် မြို့ရှိဒေသခံများမှာ လူမှုစီးပွားအခြေအနေတွင် ဒုက္ခသည်များနှင့်ပို၍ ရင်ဆိုင်တွေ့ကြုံကြရသည်ဟု ၎င်းက ဆက်ပြောသည်။ ဒေသတွင်း ဝင်ငွေကို နှိုင်းယှဉ်၍ ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ အလုပ်သမား ဈေးနှုန်းမှာ ကျဆင်းလျက်ရှိသည်။ ရွှေ့ပြောင်းဒုက္ခသည်များကြောင့် လုပ်ခ ဈေးနှုန်းများ ချိုသာလျက်ရှိသည်။ ထို့ကြောင့် တူရကီနိုင်ငံသား များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ကြိုးစားရာတွင် ဒုက္ခသည်များနှင့်ပို၍ ယှဉ်ပြိုင်လာရသည်။
ရိုက်ခတ်မှုများရှိလာ
ဒုက္ခသည်အရေအတွက် များပြားခြင်းကြောင့် မြူနီစီပယ်၏ ထောက်ပံ့ပေးမှုများတွင်လည်း အပြောင်းအလဲများ ရှိလာသည်။ ကလေးသူငယ်ပြုစုစောင့်ရှောက်မှုမှစ၍ အိမ်ရာမြင်ကွင်းပြုပြင် ပြောင်းလဲမှုများအထိ ရိုက်ခတ်မှုများရှိလာသည်ဟု ၎င်းက ပြောသည်။ အသက် ၄၀ အရွယ် အိုမာဟာဘစ်သည် အယ်လ်ဂျီးရီးယား ဒုက္ခသည် ဖြစ်ပြီး လွန်ခဲ့သည့် ခြောက်နှစ်က ဇနီးသည်နှင့်အတူ ထွက်ပြေးလာခဲ့ ခြင်းဖြစ်သည်။
အတွေ့အကြုံကို ပြောပြ
ယခုအခါ ကလေးနှစ်ဦးပင်ရှိနေပြီဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အစ္စတန်ဘူလ်သို့ ပထမဆုံးအကြိမ် အလည်လာရောက်ဖူးကြောင်း၊ ထိုစဉ်က လူများမှာကြင်နာပြီး သာယာလှပသည့် ဘဝ ပိုင်ဆိုင်ကြ ကြောင်း၊ အလုပ်အကိုင်နှင့် ပျော်ရွှင်ရသည့် မိသားစုဘဝပိုင်ဆိုင်ကြ ကြောင်း ၎င်း၏ အတွေ့အကြုံကိုပြောပြခဲ့သည်။
ပြဿနာများပေါ်ပေါက်လာ
ယခင်နှင့်ယခု အခြေအနေများမှာမူ မတူကွဲပြားပြောင်းလဲမှုများ ရှိလာပြီဖြစ်သည်။ ယခုအခါ လူဦးရေများ ထူထပ်လာပြီး မတူညီသည့် နိုင်ငံသားများအကြားတွင် ပြဿနာများ ပေါ်ပေါက်လာကြကြောင်း ၎င်းက ပြောသည်။ တိုင်းပြည်အတွင်းဒုက္ခသည်များ များပြားနေသည့် ပြဿနာမှာ ရွှေ့ပြောင်းဒုက္ခသည်များအပေါ် အကြမ်းဖက်၍ ဖြေရှင်း မရနိုင်ကြောင်း ၎င်း၏ အမြင်ကို ဆက်လက်ပြောပြသည်။
စိတ်ခံစားမှုများတိုးပွားလာ
ဒုက္ခသည်များအပေါ် အကြမ်းဖက်ခံရခြင်းကိုလည်း အကာ အကွယ်ပေးရန် အာဏာပိုင်များအနေဖြင့် အလေးထားသင့်သည်ဟု ဆက်ပြောသည်။ ယခုအခါ တူရကီများအကြားတွင် ဒုက္ခသည်များ အပေါ် ဆန့်ကျင်သည့် စိတ်ခံစားမှုများ တိုးပွားလာနေပြီဖြစ်ရာ ယင်း အချက်ကိုအကာအကွယ်ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြည်ဖြူမှုများရှိလာ
အလားတူ လက်ဘနွန်နိုင်ငံတွင်လည်း စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်းများကြောင့် ဒုက္ခသည်များအပေါ် ဒေသခံများ မကြည်ဖြူမှုများရှိလာသည်။ လက်ဘနွန်နိုင်ငံတွင် ဆီးရီးယားဒုက္ခ သည် ၁ ဒသမ ၅ သန်းရှိပြီး ဒုက္ခသည်များ အများအပြား လက်ခံထား သည့် နိုင်ငံလည်းဖြစ်သည်။ ။ ကိုးကား - ဆင်ဟွာ