ဘရာဇီးနိုင်ငံရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူအားလုံး ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှုခံယူရမည်

ရီယိုဒီဂျနေးရိုး    နိုဝင်ဘာ   ၁၇ 


ဘရာဇီးနိုင်ငံရှိ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံမှုခံယူရမည်ဖြစ်ကြောင်း  ဘရာဇီးကျန်းမာရေး ဝန်ကြီး    မာဆီလိုကွာရိုဂါက     ယမန်နေ့တွင် ပြောသည်။ 


ငါးလအကြာက ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူထားသည့် အသက် ၁၈  နှစ်နှင့်အထက် ပြည်သူအားလုံးကို ကာကွယ်ဆေး  အပိုထပ်ဆောင်း ထိုးနှံပေးရန်     ကျန်းမာရေးအာဏာပိုင်များက ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။ 


ကနဦး ကာကွယ်ဆေးအပိုထပ်ဆောင်း ထိုးနှံမှု အစီအစဉ်တွင်  အသက် ၆၀ နှင့်အထက် ပြည်သူများ၊    နာတာရှည်ရောဂါ  ခံစားနေရသူများနှင့် ကျန်းမာရေး ဝန်ထမ်းများကိုသာ  ကာကွယ်ဆေး   အပိုထပ်ဆောင်း   ထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရသည်။ 


သို့သော် လက်ရှိတွင်  ကျန်းမာရေးအာဏာပိုင် များက ပြည်သူ  ၁၂  ဒသမ  ၄  သန်းကျော်အား ကာကွယ်ဆေး   အပိုထပ်ဆောင်း  ထိုးနှံပေးရန် စီစဉ်လျက်ရှိသည်ဟု   ကျန်းမာရေးဝန်ကြီးဌာန၏  တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ 


လက်ရှိအချိန်အထိ ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ၂၁၉၆၅၆၈၄ ဦးရှိပြီး အဆိုပါ ရောဂါကြောင့်  သေဆုံးသူပေါင်း    ၆၁၁၄၇၈   ဦး ရှိကြောင်း သိရသည်။  

          ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်