ဘင်္ဂလားပင်လယ်အော်ဒေသ၏ ကမ်းခြေစောင့် အစိမ်းရောင်တံတိုင်းများ

 

 သီဟစည်သူ

ဘင်္ဂလားပင်လယ်အော်ဒေသ၏ အစိမ်း ရောင်တံတိုင်းများဟု   တင်စားခေါ်ဝေါ် လောက်သည့် ဒီရေတောများသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်  မြန်မာနိုင်ငံတို့ရှိ မြစ်ဝ ကျွန်းပေါ်ဒေသများ၏ ကျယ်ပြောလှသော ကမ်းရိုးတန်း ရေလမ်းတစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည်။ အဆိုပါ ဒီရေ တောများသည်   အိန္ဒိယနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်း(တမီလ်နာဒူးမှ အနောက် ဘင်္ဂလားအထိ)၊ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်း တစ်ခုလုံးနှင့် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာ ဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမ ပင်လယ်ကွေ့ဒေသများအထိ ပါဝင်သည်။

မြန်မာနိုင်ငံတွင်   အဓိကအားဖြင့် ဒီရေတောနှစ်မျိုးတွေ့ရပြီး မြစ်ဝကျွန်းပေါ် ဒီရေတောနှင့် ပင်လယ်ကမ်းခြေဒီရေတော တို့ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒီရေတောများ တွင် ဧရာဝတီတိုင်းဒေသကြီး  လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊  ဖျာပုံ၊ ဒေးဒရဲ၊  မုတ္တမပင်လယ်ကွေ့ဒေသများ ဖြစ်သည့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင်  တွေ့ရသည်။ ပင်လယ်ကမ်းခြေ ဒီရေတောများကိုမူ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အနောက်ဘက်    ကမ်းရိုးတန်းများနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တွေ့ရ သည်။
 ဒီရေတောများသည် ရေငန်စပ်သော ကမ်းရိုးတန်းနုန်းမြေများတွင် အဓိက အားဖြင့် ဖြစ်ထွန်းလေ့ရှိပြီး    အဏ္ဏဝါ အနည်အနှစ်များပို့ချသည့် ကမ်းခြေများ တွင်လည်း ပေါက်ရောက်လေ့ရှိသည်။ ဘင်္ဂလားပင်လယ်အော်ဒေသရှိ အဓိက ကမ်းရိုးတန်းဒီရေတော ဂေဟစနစ်သည် ကမ္ဘာ့ဒီရေတောဧရိယာ၏ ခုနစ်ရာခိုင် နှုန်းခန့်ကို ကိုယ်စားပြုလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ခန့်မှန်းခြေ ၁၀၂၅၀ စတုရန်း ကီလိုမီတာရှိကြောင်း လေ့လာမှုစစ်တမ်း များအရ သိရသည်။
ဘင်္ဂလားပင်လယ်အော် ဒေသ၏ ဒီရေတောများတွင် ဒီရေတောမျိုးစိတ် ၄၁ မျိုးရှိကြောင်း မှတ်တမ်းတင်ထားပြီး  အဆိုပါ ဒီရေတောဂေဟစနစ်များအတွင်း မျိုးသုဉ်းအန္တရာယ် ခြိမ်းခြောက်ခံရသော ကုန်းနေ၊ ရေနေ၊ တွားသွားနှင့် နို့တိုက် သတ္တဝါမျိုးစိတ် အနည်းဆုံး  ၅၃ မျိုးခန့် မှီတင်းနေထိုင်လျက်ရှိသည်။   ယင်းတို့ အနက်  တော်ဝင်ဘင်္ဂလားကျားသည် ဘင်္ဂလားပင်လယ်အော်     ဒီရေတော ဂေဟစနစ်၏ အဓိကကျသော တောရိုင်း တိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ပြီး    IUCN ကလည်း မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ်   သတ်မှတ်ထားသည်။ ထို့ပြင် ဒီရေတော သစ်ပင်ပန်းမန်များအနက် အရေးပါသော သစ်ပင်မျိုးစိတ်လေးမျိုး ရှင်သန်ပေါက်ရောက်လျက်ရှိပြီး အပြည် ပြည်ဆိုင်ရာ   သဘာဝထိန်းသိမ်းရေး အဖွဲ့(IUCN)က ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်း အန္တရာယ် အနီရောင်အဆင့်ကျရောက် နေသည့် လမုတောမျိုးစိတ်များဖြစ်သည့် လဘပင် (Sonneratia griffithii)၊ မြိုင်ကြီး ပင်(Bruguiera hainesii)နှင့် ကနစို ပင်(Heritiera fomes)တို့သည် ဘင်္ဂလား ပင်လယ်အော်ဒေသတွင် ပါဝင်နေသည့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အလယ်ပိုင်း ကမ်းရိုးတန်းများတွင် ရှင်သန်ပေါက်ရောက် မှု အများဆုံးအဖြစ် လေ့လာတွေ့ရှိရကြောင်း ၂၀၂၃ ခုနှစ်အတွက်   အနီရောင်အဆင့် ဂေဟစနစ်ဆန်းစစ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂင်္ဂါ-ဗြဟ္မပုတ္တရနှင့် ဧရာဝတီမြစ်၏ ကမ်းရိုးတန်းဒေသများသည် ဒီရေတော များအတွက်   အလွန်ကောင်းမွန်သော ဆားငန်ဓာတ်နှင့် အနည်အနှစ်များကို ပေးစွမ်းနိုင်သောကြောင့် ယင်းမြစ်ဝကျွန်း ပေါ်ဒေသများသည် ကမ္ဘာပေါ်ရှိ အကောင်း မွန်ဆုံးသော ဒီရေတောများ ဖြစ်ပေါ်လာ စေရေး အထောက်အပံ့ပေးလျက်ရှိသော် လည်း အဆိုပါဒီရေတောများအတွင်း တရား မဝင် ထင်း/မီးသွေးထုတ်ယူမှု၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်းနှင့်  ရေနေသတ္တဝါ မွေးမြူ ရေးအတွက် ငါး၊ ပုစွန်ကန်များအဖြစ် မြေနေရာအသုံးပြုရန် ခုတ်ထွင်ရှင်းလင်း ခံရခြင်းတို့ကြောင့် ဒီရေတောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးဆက်ပျက်သုဉ်း မှုအန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အပင်မျိုးစိတ်များနှင့် ယင်းတို့၏   နေရင်း ဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ဂေဟစနစ်ပိုမိုကောင်းမွန်စေပြီး ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာ စေရေးအတွက် ဒီရေတောများအပါအဝင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို တိုးချဲ့သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသား သစ်တောကဏ္ဍနှစ် ၃၀ ပင်မစီမံကိန်းနှင့်  ဒီရေတောများကို ပြန်လည်ထူထောင်သည့် အနေဖြင့်     ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ထိန်းသိမ်းစိုက်ပျိုးခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်လျက်ရှိရာ မြန်မာ နိုင်ငံ ကမ်းရိုးတန်းဒေသများရှိ ဒီရေတော များဖြစ်သည့်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်    ပုလောမြို့နယ်အတွင်းရှိ  ဧရိယာအကျယ်အဝန်း ၁၄၂၄  ဧကရှိ “ပြင်ဘုကြီး(၂)ဒီရေတော   ကြိုးပြင် ကာကွယ်တော”ကို ၂၀၂၃ ခုနှစ် အောက်တို ဘာ ၂၀ ရက်က လည်းကောင်း၊ ကျွန်းစု မြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၁၉၆၂ ဧကရှိ “မစန်းပါး (၂) ဒီရေတော ကြိုးပြင်ကာကွယ်တော’’ကို ၂၀၂၃ ခုနှစ် ဩဂုတ်  ၃၀ ရက်က လည်းကောင်း၊  ပုလောမြို့နယ်အတွင်းရှိ ဧရိယာအကျယ် အဝန်း ၇၁၇ ဧကကို “ကျောက္ကာအနောက် ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က လည်းကောင်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း  ဧက   ၃၃၄၀ ကို  “မအိုင်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ် တော”အဖြစ်  ၂၀၂၂ ခုနှစ် ဩဂုတ်၂၆ ရက်က လည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ဧရိယာ အကျယ်အဝန်း ၈၄၉၂ ဧကကို “ဘိတ်သိတ်-မဟာ-သာသာ ဒီရေတောကြိုးပြင်ကာကွယ် တော” အဖြစ်  ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်က လည်းကောင်း၊    ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ  ဧရိယာအကျယ်အဝန်း ၉၂၇၄ ဒသမ ၃၈ ဧကကို “အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်  ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်က လည်းကောင်း သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ    အမိန့် ကြော်ငြာစာများ  ထုတ်ပြန်သတ်မှတ် ခဲ့ပြီးဖြစ်သည်။
ထိုသို့ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ သတ်မှတ်ကာကွယ် ထိန်းသိမ်းလိုက်ခြင်းအားဖြင့် ဒီရေတော များအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ခြင်းနှင့် အစိမ်းရောင် သဘာဝတံတိုင်းသဖွယ် ဖြစ်သည့် ဒီရေတောများဖွံ့ဖြိုးလာခြင်း နှင့်အတူ   ဒီရေတောဂေဟစနစ်များမှ ပေးဆောင်လျက်ရှိသည့်   အစိမ်းရောင် ဝန်ဆောင်မှုများကို   ရရှိခြင်းအားဖြင့် စားရေရိက္ခာဖူလုံမှုနှင့်   ကမ်းရိုးတန်း သယံဇာတများ   ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်  အထောက်အပံ့ကောင်းများ ရရှိလာစေနိုင်မည်    ဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးခြင်းနှင့်     ထိန်းသိမ်း ကာကွယ်ခြင်းတို့ကို        ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။      ။
ကိုးကား-
    (၁) https://assessments.iucnrle.    org/assessments/572
    (၂)     Worldview Myanmar-WIF