ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှု နှစ်လခွဲကျော်အတွင်း အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်ရရှိ

 

ရန်ကုန်    ဇန်နဝါရီ   ၁


မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် အောက်တိုဘာလဝက်ခန့်မှ ဒီဇင်ဘာလကုန်ပိုင်းထိ  နှစ်လခွဲ ကျော်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ရရှိခဲ့သည်။

 


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နှစ်လခွဲကျော်အတွင်း ‌ရေထွက်ကုန်တင်ပို့မှုမှ  အမေရိကန်‌ဒေါ်လာ  ခြောက်သန်း ကျော် ရရှိခဲ့ခြင်းဖြစ်ရာ ယမန်နှစ်ဘဏ္ဍာနှစ်တွင် ကိုးလခန့် ရေထွက်ကုန်တင်ပို့ရာ၌ အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၇ သန်း ရရှိခဲ့သောကြောင့် ယခုနှစ်တွင် လအနည်းငယ်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိခဲ့ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်စ်ဆိပ်ကမ်းသို့ ရေထွက်ကုန် တိုက်ရိုက်တင်ပို့သော   စက်လှေများမှ   ဝင်ငွေခွန်များ ပါဝင်သည်။

 


“မနှစ်က  ဘဏ္ဍာနှစ်မှာ  ကိုးလနီးပါး   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇ သန်း ရခဲ့တယ်။

 


ဒီနှစ် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နှစ်လခွဲကျော်အတွင်း မှာ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးနိုင်ခဲ့တယ်။ ဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်စ်ဆိပ်ကမ်းကို       ရေထွက်ကုန်တိုက်ရိုက် တင်ပို့တဲ့ စက်လှေတွေကနေ ဝင်ငွေရခဲ့တာလည်း ပါတယ်။  နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိအောင် နည်းလမ်းအမြဲရှာနေတာဖြစ်တဲ့အတွက် ဘယ်လို ပို့ရင်ဝင်ငွေပိုရနိုင်မလဲဆိုတာ    ပြည်နယ်အစိုးရကို တင်ပြတယ်။ ပြည်နယ်အစိုးရနဲ့ရုံးချုပ် ဆွေးနွေး တိုင်ပင်ပြီး    ခွင့်ပြုချက်နဲ့    ယမန်နှစ်တွေထက် လအနည်းငယ်အတွင်း နိုင်ငံခြားငွေပိုမိုရရှိအောင် ဌာနအနေနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တာပါ”  ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်ဦးက ပြောသည်။

 


ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄  ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရေထွက်ကုန် စင်းလုံးပို့ဆောင်မှုဖြင့် ဝင်‌ငွေပိုမိုရရှိရန် အောက်တိုဘာ လတွင် စတင်လျာထားဆောင်ရွက်ခဲ့ရာ ဌာနအတွက် စက်လှေ၏ ကုန်တန်ချိန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနှင့် စက်လှေမှတ်ပုံတင်ကြေး ဒေါ်လာ ၅၀ ရရှိသည့်အတွက် နိုဝင်ဘာလ၌ စက်လှေ ၁၁ စင်းမှ အမေရိကန်ဒေါ်လာ ၁၀၂၅၀ ဒသမ ၅၉ နိုင်ငံခြားဝင်ငွေ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်  အောက်တိုဘာ လလယ်မှ   ဒီဇင်ဘာလကုန်ပိုင်းထိ   ရေချိုငါးနှင့် ငါးခြောက်မျိုးစုံ  ကုန်ချိန်   ၅၅၄၇  ဒသမ ၅၇၅၊ အမေရိကန်ဒေါ်လာ ၆၆၇၇၀၂၉ ဒသမ ၆၀ တင်ပို့ နိုင်ခဲ့ခြင်း ဖြစ်သည်။

 


ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်   ကုန်သွယ်မှုတွင်   ရေချို ကုန်ပစ္စည်းတင်ပို့မှုသည်   ၆၅   ရာခိုင်နှုန်းရှိပြီး  ရေချိုငါးမြစ်ချင်းကို  ၇၅ ရာခိုင်နှုန်း   တင်ပို့လျက် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးမုန့်၊ ငါးနီတူခြောက်နှင့် ငါးခြောက်စုံ၊ ကြက်သွန်နီ၊ ထန်းလျက်၊ ချင်း၊ ဆီးဖတ်၊ ဆီးယိုစုံ၊ မန်ကျည်းသီး၊ မန်ကျည်းစေ့တို့ တင်ပို့လျက် ရှိသည်။ မြန်မာနိုင်ငံမှတင်ပို့သော ရေထွက်ကုန်များ ကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့       ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတစ်ဆင့် ထုပ်ပိုးပြုပြင်၍ တင်ပို့လျက်ရှိသည်။ 

 


ယခင်က ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဆန်၊ ငါးနီတူခြောက်၊ ပင်လယ်ငါး၊ ပြောင်း၊ မြေပဲ၊ ကွမ်းသီးတင်ပို့ခဲ့ပြီး လက်ရှိတွင် တင်ပို့နိုင်ခြင်းမရှိဘဲ  ရန်ကုန်မြို့မှတင်ပို့သော ရေထွက်ကုန်များနှင့် မြန်မာ ပြည်အထက်ပိုင်းမှတင်ပို့သော ကုန်ခြောက်ပစ္စည်း များဖြင့် ကုန်စည်စီးဆင်းလျက်ရှိသည်။ 

 


ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး