
နေပြည်တော် နိုဝင်ဘာ ၂၆
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန် မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ် (၆၇)၏ သင်တန်းထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းသား စံပြဆု၊ သင်တန်းသူစံပြဆု၊ သင်တန်း သားစစ်ရေးပြ ထူးချွန်ဆု၊ သင်တန်းသူ စစ်ရေးပြ ထူးချွန်ဆု၊ သင်တန်းသားအဆောင်ဆု၊ သင်တန်းသူ အဆောင်ဆုများ ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်း၏ သင်တန်းဆင်းအခမ်းအနား ကို ယနေ့နံနက် ၇ နာရီခွဲတွင် ရတနာခန်းမ၌ ကျင်းပ ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းအခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက သင်တန်း ဆင်း အမှာစကားပြောကြားရာတွင်(အပေါ်ပုံ)ဘက်စုံ ထူးချွန်ထက်မြက်သည့် ဆရာသည် မိမိ၏ အရည် အသွေးကို အစဉ်တိုးတက်အောင် ဆောင်ရွက်နေရ မည့်အပြင် အများအကျိုးသယ်ပိုးနိုင်သူ ဖြစ်အောင် လည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ များ အနေနှင့် ရပ်ရွာဒေသအခြေအနေပေါ်မူတည်ပြီး ပရဟိတလုပ်ငန်းများကိုလည်း ရပ်ရွာနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့်အပြင် မိမိတို့ တာဝန်ကျသည့် ရပ်ရွာဒေသများ ငြိမ်းချမ်းစွာ ပညာ သင်ကြားနိုင်ရေးကိုလည်း ဆောင်ရွက်နိုင်သူ ဖြစ်ရ မည်ဖြစ်ပြီး ရပ်ရွာလူထုကိုလည်း “ငြိမ်းချမ်းစွာ ပညာ သင်ကြားရေး”တွင် ပူးပေါင်းပါဝင်လာအောင် စည်းရုံး ၍ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးကို ဆောင်ရွက် နိုင်သူဖြစ်ရန် လိုပါကြောင်း။ ကျောင်းသား လူငယ် များ၏ အနာဂတ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စိတ်ဓာတ်ရှိသူများ၊ ပူးပေါင်း ဆောင်ရွက်တတ်သူများ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးပြီး၊ ပညာရေးတိုးတက် မြင့်မားစေရေးအတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများနှင့် အတူ လက်တွဲပူးပေါင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ပြည်သူ များကို အရည်အသွေးပြည့်ဝစွာ ဝန်ဆောင်မှုပေးနိုင် ရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားကြ ရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းသား ပထမဆု၊ သင်တန်း သူ ပထမဆု၊ သင်တန်းသား ဇွဲလုံ့လဆု၊ သင်တန်းသူ ဇွဲလုံ့လဆု နှစ်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ် များကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သင်တန်းသား ၁၅၀၊ သင်တန်းသူ ၈၀၆ ဦး စုစုပေါင်း ၉၅၆ ဦးတို့ တက်ရောက်ခဲ့ကြပြီး ရက်သတ္တငါးပတ် ကြာမြင့် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်