အသိပေး နှိုးဆော်ပန်ကြားခြင်း

 

၁။     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ် စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါသည်  မြန်မာသက္ကရာဇ်  ၁၃၈၅ ခုနှစ်၊  နယုန်လဆန်း  ၇ ရက်၊  ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား  ဗန်းမော်ကျောင်းတိုက်၌  ပူဇော်ထားရှိပါသဖြင့်   ရဟန်းရှင်လူပြည်သူ အပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။
၂။     ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင်လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတစ်လျှောက် လမ်း၏ ဘေးဘယ်ညာတွင်လည်းကောင်း လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည် -
(က)     ၃၉ လမ်း မှ ၇၃ လမ်းအတိုင်း
( ခ  )     ၇၃ လမ်း မှ ၃၈ လမ်းအတိုင်း
( ဂ )    ၃၈ လမ်း မှ ၇၈ လမ်းအတိုင်း
(ဃ)     ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း
၃။     ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင်  လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့်  အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည် - 
(က)     ဒေါ်မော်လီစန်း     ဖုန်းနံပါတ်- ၀၉-၄၄၁၀၁၉၂၈၃
( ခ  )     ဦးစိုးမိုးသိမ်း    ဖုန်းနံပါတ်- ၀၉-၉၇၀၈၂၃၆၈၈
အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ