အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်

 

နေပြည်တော်   စက်တင်ဘာ   ၂၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်   ဦးတင်ထွဋ်ဦး၊   ဦးလှမိုး၊  ဒေါက်တာ ချာလီသန်း၊  မန္တလေးတိုင်းဝန်ကြီးချုပ်  ဦမောင်ကို၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့်  တာဝန်ရှိသူများလိုက်ပါ၍   ယနေ့မွန်းလွဲပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာစက်မှုဇုန်ရှိ   စက်မှုဇုန်ခန်းမ၌ မိတ္ထီလာခရိုင်အတွင်းရှိ   အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ 

 


လိုအပ်ချက်များနှင့် အခက်အခဲများအား ဆွေးနွေးတင်ပြ


ဦးစွာ   မိတ္ထီလာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်   ဝါလုပ်ငန်းရှင်များအသင်း   ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဦး၊ ဆီကုန်သည်ကြီးများအသင်း   အတွင်းရေး မှူး ဦးကျော်မြင့်၊      ရက်ကန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဆန်စပါးလုပ်ငန်းရှင်   ဦးအောင် ဇင်မင်းထိုက်နှင့် တက်ရောက်လာကြသူတို့က စက်မှု ဇုန်တွင်    အရင်းအမြစ်ကောင်းများ   ပြည့်စုံမှုနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို  အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊  စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ဆောင်ရွက်နေမှု၊ စက်မှုဇုန် နည်းဥပဒေအတည်ပြုပေးရန်လိုအပ်မှု၊     လျှပ်စစ် ဓာတ်အား လိုအပ်မှု၊ ဝါသီးနှံကိုအခြေခံသည့် စက်မှု လုပ်ငန်းများဆောင်ရွက်နေမှု၊   ဝါစိုက်ပျိုးတောင်သူ များ  ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးအတွက်     နိုင်ငံတော်မှ ဆောင်ရွက်ပေးရန်၊ ဆီထွက်သီးနှံများ  တိုးချဲ့စိုက်ပျိုး ရေး   ဆောင်ရွက်လျက်ရှိမှု၊   ဆီကောင်းဆီသန့်များ ရရှိအောင်    ဆောင်ရွက်ရန်လိုအပ်မှု၊    နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့်  ဖြန့်ခွဲရောင်းချပေးသည့် စားသုံးဆီများကို     ပြည်သူများထံ   သက်သာသော ဈေးနှုန်းများဖြင့်     ပြန်လည်ရောင်းချပေးလျက်ရှိမှု၊ ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက် လုပ်ငန်းတွင်  အသုံးပြုသည့်ပစ္စည်းများ  ဈေးနှုန်းများ မြင့်တက်မှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိမှုအခြေအနေများနှင့်   စက်မှုဇုန်အတွင်း   လိုအပ် ချက်များကို  တင်ပြကြသည်။

 


သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပြောကြား


တင်ပြချက်များနှင့်  စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးတင်ထွဋ်ဦး၊  ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို တို့က  မြန်မာနိုင်ငံနှင့်ကိုက်ညီ သည့်  အဆင့်မီဝါမျိုးများ   ရရှိရေးဆောင်ရွက်လျက်ရှိ မှု၊   အရည်အသွေးပြည့်မီသည့်   ဝါမျိုးစေ့များ   ပိုမို ထုတ်လုပ်နိုင်ရေးအတွက်   ဝါစိုက်ပျိုးတောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်  ဆောင်ရွက်လျက်ရှိမှု၊ ဓာတ်မြေဩဇာများ      ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး   ဆောင်ရွက်လျက်ရှိမှု၊  နိုင်ငံတော်မှ ဆီထုတ်လုပ်မှုတိုးတက်ရေးအတွက်       ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊    ဆီလုပ်ငန်းရှင်များအတွက် ချေးငွေများထုတ်ပေးရန်     ဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေတောင်သူများ    စိုက်ပျိုးရေးလုပ်ငန်း များ  ဆောင်ရွက်ရန်အတွက် လိုအပ်သည့် သွင်းအားစု များကို   ဈေးနှုန်းသက်သာစွာဖြင့်    ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊       မွေးမြူရေးလုပ်ငန်းများ ကိုလည်း    အစုအဖွဲ့များဖြင့်  မွေးမြူမည်ဆိုပါက  မတည်ရင်းနှီးပေးမည့် အခြေအနေများ၊ သမဝါယမ နှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ         ဝင်ငွေရရှိရေးနှင့် ကျေးလက်ဒေသများ  ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိမှု ၊   အသေးစား၊  အငယ်စားနှင့်  အလတ်စား စက်မှုလက်မှုလုပ်ငန်း  (MSME)  များအတွက်လည်း ဆောင်ရွက်ပေး၍ရသည့်ကိစ္စရပ်များကို  ဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊   စက်မှုဇုန်ဥပဒေနှင့် ပတ်သက်၍   နည်းဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိပြီး အတည်ပြုထုတ်ပြန်နိုင်ရေး   ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းသည်   လက်မှုလုပ်ငန်းမှ   ပြောင်းလဲ သည့်    လုပ်ငန်းတစ်ခုဖြစ်ပြီး     အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်မှု၊  အများပြည်သူများ ထိခိုက်မှု မရှိစေရန်   စီမံဆောင်ရွက်နေမှု၊   စက်မှုဇုန်များမှ စွန့်ပစ်ပစ္စည်းများ   စနစ်တကျ   ရှိစေရေးအတွက် လိုအပ်သည့်    နည်းပညာရပ်ပိုင်းဆိုင်ရာများကို   ကူညီဆောင်ရွက်ပေးသွားမည့်       အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး


ထို့နောက်  လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား   စီးပွားရေး လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင်  မိတ္ထီလာ စက်မှုဇုန်သို့ ပထမဆုံးအကြိမ်  လာရောက်ခြင်းဖြစ်ပြီး စက်မှုနှင့် ပတ်သက်ပါက စက်မှုရပ်ကွက်နှင့် စက်မှု ဇုန်ဟူ၍ရှိကြောင်း၊   စက်မှုရပ်ကွက်သည်    စက်မှု လုပ်ငန်း ဆောင်ရွက်သည့်နေရာ၌ပင်  လူများနေထိုင် နိုင်ရေး ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး   စက်မှုဇုန် သည်   လူနေထိုင်ရန်မဟုတ်ဘဲ   စက်မှုလုပ်ငန်းများ သီးသန့် ဆောင်ရွက်နိုင်ရန်  အကောင်အထည်ဖော် ထားပေးခြင်းဖြစ်ကြောင်း၊  စက်မှုဇုန်များအနေဖြင့် လုပ်ငန်းများကို    ယခုထက်   ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရန် လိုအပ်နေသည် ကို တွေ့ရှိရကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံ၏ စီးပွားရေး တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည်  အဓိကအရေးပါသည်ကို  တွေ့ရှိရ ကြောင်း၊ နိုင်ငံတကာတွင်လည်း MSME လုပ်ငန်းများ သည်  အဓိကအရေးပါသည့် နေရာ၌   ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   နိုင်ငံတော်၏   တာဝန်များကို စတင်ယူခဲ့ရသည့်အချိန်တွင်  နိုင်ငံရေးအရ ဖြစ်ပေါ် လာသည့် ပဋိပက္ခများ၊  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှု များကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း။

 


ပြည်တွင်းချည်မျှင်နှင့်အထည်အလိပ်
လိုအပ်ချက်ကို ပြည်တွင်းမှ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်


လက်ရှိအချိန်တွင် ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး  ကိုဗစ် -၁၉ ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ   ထိန်းချုပ်နိုင်ခဲ့ပြီး   ဖြစ် သောကြောင့် နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ   မြှင့်တင်ရေး အတွက်   (MSME)  လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည် ငွေများလွှဲအပ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့်  ရန်ပုံငွေ များမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအတွက် မတည်ငွေများ လွှဲအပ် နိုင်ရေး    ဆောင်ရွက်လျက်ရှိကြောင်း၊     ဝါစိုက်ပျိုး တောင်သူများအတွက်လည်း        မတည်ငွေများ ထုတ်ပေးသွားရန်  စီမံလျက်ရှိကြောင်း၊ ဝါစိုက်ပျိုးရန် အတွက် စိုက်ဧကများ အသစ်ထပ်မံတိုးချဲ့ခြင်းထက် ဝါစိုက်ပျိုးရန်မြေများတွင်       အကြောင်းအမျိုးမျိုးဖြင့်  အခြားသီးနှံများ   စိုက်ပျိုးနေသည့်    မြေများပေါ်တွင် သာ တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ယခင်က ဝါစိုက်ပျိုး ခဲ့သော်လည်း   ဝါစိုက်ပျိုးမှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း     မရှိခြင်းကြောင့်  နိုင်ငံအတွက် လိုအပ်သည့်    ဝါထွက်ပစ္စည်းများကို    ပြည်ပမှ တင်သွင်းနေရသဖြင့်   နိုင်ငံခြားသုံးစွဲငွေများ    ပိုမို ကုန်ကျကြောင်း၊   အဝတ်အထည်သည်     အခြေခံ လိုအပ်ချက်တစ်ခုဖြစ်ပြီး လူတစ်ဦးအနေဖြင့်  မွေးစမှ သေဆုံးသည့်အချိန်အထိ အဝတ်အထည်များ  လိုအပ် ကြောင်း၊   ပြည်တွင်း၌   လိုအပ်သည့်အထည်များကို  ပြည့်မီအောင်   ထုတ်လုပ်နိုင်မည်ဆိုပါက    နိုင်ငံ အတွက်  များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တပ်မတော်ချည်မျှင်နှင့်  အထည်စက်ရုံများမှလည်း   ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက်    တစ်ဖက်တစ်လမ်းမှ    ထုတ်လုပ်ပေးလျက် ရှိကြောင်း။

 


မျိုး၊ မြေ၊ ရေ၊ နည်း


ဝါစိုက်ပျိုးရန်အတွက်  မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများဖြစ်သည့် မြေဩဇာများနှင့် သဘာဝ မြေဩဇာများလည်း    လိုအပ်ကြောင်း၊    စိုက်ပျိုး မြေများကိုလည်း   စနစ်တကျပြုပြင်၍   စိုက်ပျိုးရန် လိုပြီး စက်ကိရိယာများဖြင့်   ထွန်ယက်စိုက်ပျိုးနိုင် သည့်   ဧကကွက်များဖြင့်   စိုက်ပျိုးရန်လိုကြောင်း၊ သို့မှသာ    စိုက်ပျိုးရေးလုပ်ငန်းများ   အောင်မြင် ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်သဘာဝ မြေဩဇာများ များစွာရှိကြောင်း၊ မိတ္ထီလာခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ   ဖြစ်ထွန်းလျက်ရှိပြီး   နွား အကောင်ရေအနေဖြင့် လေးသိန်းကျော်ရှိသည်ဟု သိရှိ ရကြောင်း၊  မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက  ဇီဝမြေဩဇာများ   ရရှိမည် ဖြစ်ကြောင်း၊  ထို့ပြင်   သဘာဝမြေဩဇာများသည်    စိုက်ပျိုးရေး လုပ်ငန်းများအတွက်         များစွာအထောက်အကူ ဖြစ်စေကြောင်း၊    အီးအမ်ဘိုကာရှီအပြင်   ပိုက်ဆံ လျှော်များစိုက်ပျိုး၍လည်း  သဘာဝမြေဩဇာအဖြစ် အသုံးပြု၍ရကြောင်း၊  ဓာတ်မြေဩဇာများ  ရရှိရေး အတွက်လည်း   နိုင်ငံတော်မှ  ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့      တောင်သူများအနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ် ပစ္စည်းများကို  အသုံးပြု၍ သဘာဝမြေဩဇာ Bio Fertilizer များ ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်ရန် လိုကြောင်း၊       စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေနှင့်    အောင်ရေသည်လည်း    လိုအပ် ကြောင်း၊ ရေရရှိရေးအတွက် နိုင်ငံတော်မှ တတ်နိုင် သမျှကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး  ရေကို အကျိုးမဲ့ အသုံးပြုခြင်းမဖြစ်စေလိုဘဲ   အကျိုးရှိရှိအသုံးချရန် လိုကြောင်း၊ ထို့ပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နည်းစနစ်တကျ  မွေးမြူဆောင်ရွက် မှသာလျှင် လုပ်ငန်းအောင်မြင်နိုင်မည်ဖြစ်ပြီး စနစ် တကျ  ဆောင်ရွက်ခြင်းဖြင့်    ကုန်ကြမ်းပစ္စည်းများ လည်း လုံလောက်စွာရရှိမည်ဖြစ်ကြောင်း။

 


ဝါနှင့် အခြားဆီထွက်သီးနှံများ  အထွက်နှုန်း 
တိုးတက်ခြင်းဖြင့် ဒေသတွင်း စက်မှုလုပ်ငန်းများ 
လည်း တိုးတက်လာမည်


မန္တလေးတိုင်းဒေသကြီးအတွင်း    ဝါစိုက်ဧက ပေါင်း  ၃၆၀၀၀ ကျော်ရှိပြီး  ချည်မျှင်ရှည်ဝါနှင့် ချည် မျှင်တိုဝါများကို    စိုက်ပျိုးကြကြောင်း၊    မည်သည့် ဝါကိုစိုက်ပျိုးသည်ဖြစ်စေ       ဝါအထွက်နှုန်းများ ကောင်းမွန်အောင်        ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်း   ကောင်းမွန်ရန်အတွက်    မျိုးကောင်း မျိုးသန့်ဖြစ်ရန်၊   သွင်းအားစုများလုံလောက်စွာ  ရရှိ ရန်နှင့်   စိုက်နည်းစနစ်များ  မှန်ကန်ရန်လိုကြောင်း၊ ဝါအထွက်နှုန်းများတိုးတက်လာမည်ဆိုပါက  ဝါနှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းများ တိုးတက်လာ မည်ဖြစ်သဖြင့် မိတ္ထီလာခရိုင်အတွင်း   ဝါအထွက်နှုန်း တိုးတက်ရေး    ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊   အလားတူ အခြားဆီထွက်သီးနှံများကို စိုက်ဧကတိုးချဲ့ခြင်းထက်  တစ်ဧကချင်းအထွက်နှုန်း တိုးတက်ရေး         ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်ကောင်းမွန် လာမည်ဆိုပါက စီးပွားရေးလည်း   တိုးတက်လာမည် ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများ  ထုတ်လုပ်နိုင်ရေး အတွက် မိတ္ထီလာခရိုင်အနေဖြင့် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊    ဒေသတွင်းစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆန်၊  စပါး လုပ်ငန်း၊ ဆီထွက် သီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်း၊   ပဲကိုအခြေခံ သည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်၍ ရကြောင်း။

 


ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စက်မှုဇုန်တစ်ခု
ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်


မိမိတို့အနေဖြင့်    ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး  နိုင်ငံရေးအနေဖြင့်   ပါတီစုံဒီမို ကရေစီစနစ်ကို  ကျင့်သုံးလျက်ရှိကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်ကို   ကျင့်သုံးခြင်းဖြစ်သဖြင့်  ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို       တိုးတက်အောင်  ဆောင်ရွက်ကြရန်လိုပြီး နိုင်ငံတော်မှတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေ ဖြင့်  လိုအပ်ချက်များအရသာ    အချို့သောစီးပွားရေး လုပ်ငန်းများကို      ပါဝင်ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း၊       ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ ချေးငွေများကို သက်သာသော     အတိုးနှုန်းများဖြင့်   ထုတ်ချေးပေး လျက်ရှိကြောင်း၊     အသေးစား၊   အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း  (MSME) များသည် နိုင်ငံ အတွက်   အရေးကြီးသည့်   လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို  နိုင်ငံတော်မှ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း။
မိတ္ထီလာခရိုင်သည်   မွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်    ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊   ထို့ကြောင့်   မွေးမြူရေး လုပ်ငန်းများကို ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့်  အလတ်စားစက်မှုလုပ်ငန်း (MSME)များအတွက်  လိုအပ်သည့်  ကုန်ကြမ်းပစ္စည်း များကို  ရရှိမည်ဖြစ်ကြောင်း၊ မွေးမြူရေးကိုအခြေခံ သည့် ထုတ်ကုန်ပစ္စည်းများကို  တန်ဖိုးမြင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်ပြီး  ပြည်ပနိုင်ငံများသို့တင်ပို့၍ ရကြောင်း၊  စက်မှုလုပ်ငန်းများကို   ဆောင်ရွက်ရာ တွင်   လျှပ်စစ်ဓာတ်အားလိုအပ်မှုနှင့်  ပတ်သက်၍ မိတ္ထီလာဒေသတွင်   သပြေဝနေရောင်ခြည်စွမ်းအင် သုံး    လျှပ်စစ်ဓာတ်အားပေး        လုပ်ငန်းရှိကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်အသုံးပြုခြင်းဖြစ်သဖြင့်    အကျိုးဖြစ်ထွန်း ကြောင်း၊ မိတ္ထီလာစက်မှုဇုန်အတွက်   လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ   ရရှိစေရေး   နေရောင်ခြည် စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အား   ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော် မှလည်း  လျှပ်စစ်ဓာတ်အားများ         လုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း။

 


စက်မှုဇုန်အတွင်း  ရေဆိုးမြောင်းများ စနစ်တကျ ရှိစေရေးအတွက်   တာဝန်ရှိသူများက  ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့    စက်မှုဇုန်အတွင်း လုပ်ငန်းများ   ဆောင်ရွက်နေသူများအနေဖြင့်လည်း မိမိတို့နေရာအလိုက်  ရေမြောင်းများ    စနစ်တကျ ရှိစေရေး   ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ စက်မှုလုပ်ငန်းမှ   ထွက်ရှိလာသည့်    ပစ္စည်းများ အားလုံးသည် မိမိတို့အတွက် အကျိုးရှိသည့် စက်မှု ထွက်ကုန်များဖြစ်အောင်          ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။ 
ချည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍    အရည် အသွေးကောင်းမွန်သည့်  ဝါများရရှိရန်နှင့် ရက်ကန်း စက်များ ကောင်းမွန်ရန်လိုကြောင်း၊ စက်မှုထွက်ကုန် ဝါကုန်ကြမ်းများကို အသုံးပြု၍  ချည်ထည်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊  အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း  MSME များကို အားပေး ကြောင်း၊ MSME လုပ်ငန်းများသည်  နိုင်ငံ့စီးပွားရေး နှင့် ဒေသဖွံ့ဖြိုးရေးအတွက်  များစွာအထောက်အကူ ပြုမည်ဖြစ်သဖြင့် အလေးထားပြီး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊  စက်မှုဇုန်လုပ်ငန်းသည် မိမိ ဒေသတစ်ခုအတွက်သာကွက်၍    ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကို အခြေခံ၍  နိုင်ငံ့စီးပွား ရေးအထိ အမြင်ကျယ်ကျယ်ဖြင့် ရည်မှန်းဆောင်ရွက် ရန်လိုကြောင်း၊   ကုန်ထုတ်လုပ်မှုကို  အခြေခံသည့် စက်မှုဇုန်တစ်ခုဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားမည်ဆိုပါက အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

 


တွေ့ဆုံဆွေးနွေးမှုအပြီးတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် သည်     တက်ရောက်လာကြသည့်    အသေးစား၊ အငယ်စားနှင့် အလတ်စား   စီးပွားရေး   (MSME) လုပ်ငန်းရှင်များအား   ရင်းရင်းနှီးနှီး   နှုတ်ဆက်ပြီး စက်မှုဇုန်မှ  ထုတ်လုပ်ထားသည့်  ချည်ထည်ပစ္စည်း များ၊   ဆီထွက်ပစ္စည်းများနှင့်    အခြားထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို  လှည့်လည် ကြည့်ရှုရာ   လုပ်ငန်းအလိုက်   တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။
ဆက်လက်ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင် များသည် စက်မှုဇုန်အတွင်းလှည့်လည်၍ သိန်းကမ္ဘာ ကျော်  ကုလားပဲခွဲစက်နှင့်  စက်မှုလက်မှုလုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင် ဦးမောင်မောင်က   လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို       လိုက်လံ ရှင်းလင်းပြသသည်။     ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က   သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း    သတင်း ရရှိသည်။   

                 
  သတင်းစဉ်