
နေပြည်တော် အောက်တိုဘာ ၁၂
(၁၄)ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွား ရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အီးအာရ် အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။
တက်ရောက်
အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေး နှင့် စီးပွားရေးဝန်ကြီးဌာန၊ စီးပွားရေးစီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီးအာရ် အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ဥက္ကဋ္ဌ Mrs. Hajah Mariah Haji Yahya က အစည်းအဝေးသဘာပတိ အဖြစ် ဆောင်ရွက်၍ အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ အီးအာရ်အိုင်အေ အကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက် သော အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ဥက္ကဋ္ဌ Mrs. Hajah Mariah Haji Yahya ၊ အီးအာရ်အိုင်အေ သုတေသနဌာန၏ President ဖြစ်သူ Professor Hidetoshi Nishimura နှင့် အာဆီယံအတွင်းရေး မှူးချုပ် Dato Paduka Lim Jock Hoi တို့က အမှာ စကားပြောကြားကြသည်။ အစည်းအဝေးတွင် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ဥက္ကဋ္ဌ အသစ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ Ateneo Center for Economic Research and Development (ACERD)၏ အကြီးတန်းသုတေသနပညာရှင်နှင့် Ateneo de Manila University ၏ စီးပွားရေးပါမောက္ခ Professor Dr. Cielito F. Habito အား ရွေးချယ်ခဲ့ သည်။
ဆက်လက်၍ အီးအာရ်အိုင်အေ၏ Chief Economist၊ Prof. Fukunari Kimura က ကိုဗစ်-၁၉ အလွန်ကာလတွင် ကမ္ဘာတစ်ဝန်းလုံးနှင့် ဒေသတွင်း စီးပွားရေးအပါ် သက်ရောက်နိုင်သည့် အခြေအနေ များကိုလည်းကောင်း၊ Senior Policy Fellow၊ Prof. Jun Arima က အရှေ့အာရှနိုင်ငံများအတွက် ဆောင်ရွက်သည့် စွမ်းအင်မူဝါဒဆိုင်ရာလေ့လာမှု လမ်းပြမြေပုံ(၂၀၂၀-၂၀၂၂)ကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် နှင့် အီးအာရ်အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များက အနာဂတ်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အီးအာရ်အိုင်အေက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် သုတေသနအစီအစဉ်များ ကို အကြံပြုဆွေးနွေးသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဒေသတွင်း သာမက ကမ္ဘာ့စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိပါကြောင်း၊ သို့ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် ဒစ်ဂျစ်တယ်နည်းပညာကို သုံးစွဲရာတွင် သတင်းအချက်အလက် လုံခြုံမှု၊ ယှဉ်ပြိုင်မှု၊ အွန်လိုင်း မှ ငွေပေးချေမှုတို့နှင့်စပ်လျဉ်း၍ ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုများရှိနေပါကြောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများရှိ SMEs များ အကြား နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များကို ERIA သုတေသန လုပ်ငန်းများနှင့် အချိတ်အဆက်မိမိ လုပ်ဆောင်သွား ရန်လိုကြောင်း အကြံပြုပြောကြားသည်။
အထောက်အပံ့ပေးနိုင်မည်ဟု ယုံကြည်
ထို့ပြင် ဒုတိယဝန်ကြီးက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP)၏ အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံ များအပေါ် အကျိုးသက်ရောက်မှုနှင့်စပ်လျဉ်း၍ သုတေသနအဆင့်(၁) ပြုလုပ်မည့် အီးအာရ်အိုင်အေ ၏ အဆိုပြုချက်ကို ထောက်ခံပါကြောင်း၊ စာချုပ်တွင် ဖွံ့ဖြိုးမှုအဆင့်မတူညီသည့် အဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်သဖြင့် အဆိုပါ သုတေသနမှ ပေါ်ထွက်လာမည့် အကြံပြုချက်များက ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အကောင်အထည်ဖော်မည့် အနာဂတ်လုပ်ငန်းအစီ အစဉ် ရေးဆွဲရာတွင် အထောက်အပံ့ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
သတင်းစဉ်