
ဗန်းမော် ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံတွင် သဘာဝ တောတောင်များ၌ အလေ့ကျ ပေါက်ရောက်လျက်ရှိသော ဝဥ များ ထွက်ရှိရာဒေသတွင်ကုန်ကြမ်း ထုတ်လုပ်ရောင်းချနေသူများနှင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ လုပ်ကိုင်လျက် ရှိရာ အရည်အသွေးမြှင့် ဝဥ ကုန်ချောစနစ်ဖြင့် ပြည်ပနိုင်ငံ များသို့ တိုက်ရိုက်တင်ပို့ပေး နိုင်ရေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ကောင်းမွန်ရန်မှာ အဓိကအရေးပါသော အချက် ဖြစ်သည်။
ဝဥလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး သဘာဝတောတောင်များ ပျက်စီးမှု ထိန်းချုပ်နိုင်ရေး၊ သစ်အခြေပြု လုပ်ငန်းများ လျော့နည်းကျဆင်းရေး၊ သဘာဝ တောတောင်များ၌ ပေါက်ရောက် သော ဒေသမျိုးများကို အလွယ် တကူ ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် ကချင်ပြည်နယ် ဗန်းမော် ဝဥအဖွဲ့ ကောင်းဆက်ဝန်းအသင်း မှ နည်းပညာများနှင့် သမဝါယမ အသင်းအဖွဲ့မှ ကျေးရွာပေါင်း ၃၀ ကို အခမဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေး လက်တွေ့စိုက်ပျိုး နည်းများ သင်ကြားပေးထားရာ ဝဥစိုက်ဧက ၂၀၀ ကျော်ဝန်းကျင် စိုက်ပျိုးထားကြောင်း သိရသည်။
“ဝဥထုတ်ရောင်းချိန် ရောက်ရှိ လာတော့ ဗန်းမော်-မန္တလေးစျေး မှာ ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ စျေးအတွင်း ဖြစ်နေတာကြောင့် စျေးကွက်မကောင်းတော့ စီးပွား ဖြစ် ရင်းနှီးစိုက်ပျိုးသူများ၊ တစ်ပိုင် တစ်နိုင် စိုက်ပျိုးသူများက ရောင်းတန်းဝင်အရွယ် ထုတ် ရောင်း ရောင်းတန်းမဝင်သော အရွယ်အစားကို ပြန်လည်တိုးချဲ့ စိုက်ရတဲ့အတွက် ပြည်ပစျေးကွက် ကောင်းရရှိရေး သက်ဆိုင်ရာက ဆောင်ရွက်ပေးရင် ဝဥစိုက်ပျိုး ရေးလုပ်ငန်း ပြည်တွင်းပြည်ပ ထိုးဖောက် အားကောင်းလာနိုင် ပါတယ်” ဟု ဗန်းမော်ဝဥအဖွဲ့ ကောင်းဆက်ဝန်းအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက သုံးသပ် ပြောကြားသည်။
ဝဥကို ပြည်တွင်းမှ အာဟာရ အစားအစာအနေဖြင့် ဖြည့်ဆည်း နိုင်ရေးအဆင့်အထိ ကုန်ချော ထုတ်နိုင်သော စက်ပစ္စည်းများ ရရှိပါက ပြည်တွင်းဝဥစိုက်ပျိုးရေးလုပ်ငန်းပိုမို မြှင့်တက်လာနိုင် ကြောင်း၊ ဥပမာ ဝဥခြောက် ထုတ်လုပ်စက်၊ ဝဥအမှုန့်ပြုလုပ် စက်၊ ဝဥခေါက်ဆွဲ ပြုလုပ် နည်းပညာပေးခြင်းကို သက်ဆိုင် ဌာနများ စီမံပံ့ပိုးပေးနိုင်မည် ဆိုလျှင် သစ်ခုတ်ရှာဖွေရရှိမှု ငွေထက် အဆများစွာကွာဟသော ဝင်ငွေများရရှိ၍ ဒေသဖွံ့ဖြိုး တိုးတက်မှု အားကောင်းလာနိုင် ကြောင်း ဆက်လက်ပြောကြား ခဲ့သည်။
ယခုအခါ ဗန်းမော်မြို့နယ်တွင် ဝဥကို တရုတ်ပြည်ဝင်ရောက် ရောင်းချနိုင်မှု မရှိသေးသဖြင့် သစ်တောပြုန်းတီးမှု မရှိဘဲ တစ်ဧကလောက် စိုက်ပျိုးသူနှင့် စီးပွားဖြစ်ဧက များစွာစိုက်ပျိုး ထားသူများက စျေးကွက် ကောင်းမွန်ရေး ဝဥကုန်ချောစက်ရုံ တည်ထောင်ပေးနိုင်ရေး မျှော်လင့် နေကြသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧက ၃၀၀၀ ကျော်၊ မတူပီမြို့တွင် ဧက ၂၀၀၀ ကျော်ခန့်၊ ရေဇွာမြို့တွင် ဧက ၁၅၀၀ ဝန်းကျင်၊ ဟားခါး၊ ထန်တလန်တွင် ဧက ၁၀၀၀ ဝန်းကျင်၊ ဖလမ်းနယ်တွင် ဧက ၁၀၀၀ ဝန်းကျင် ဝဥစိုက်ပျိုးထားရှိ ရာ ဝဥကုန်ချောစက်ရုံများကို နေရာဒေသအလိုက် တည်ထောင် ပေး၍ ဥရောပနိုင်ငံများအထိ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး ကုန်သွယ်လမ်းကြောင်း ကောင်း မွန်အောင် ဆောင်ရွက်ပေးနိုင်မည် ဆိုလျှင် ဒေသဖွံ့ဖြိုးတိုးတက်လာ နိုင်ကြောင်း သိရသည်။
ငွေအိုး (ကသာ)