
နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာမြို့ဟောင်းသို့ ရောက်ရှိကြရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်းဧည့်ခန်းမဆောင်၌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်တို့က သရေခေတ္တရာ ကမ္ဘာ့အမွေ အနှစ်ဒေသဆိုင်ရာများ၊ သရေခေတ္တရာမြို့ဟောင်းနှင့် ပျူတို့ဖြစ်ပေါ်လာခဲ့သည့် သမိုင်းကြောင်းဆိုင်ရာများ၊ မြို့ဟောင်းများတူးဖော်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး တူးဖော်တွေ့ရှိသည့် မူလအတိုင်း ထိန်းသိမ်း၍ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့မှုများနှင့် ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခံခဲ့ရမှုများ၊ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ်လက်ရာများကို သုတေသန ပြု လေ့လာချက်များအရ ဘာသာ၊ စာပေ၊ ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက်ယေဘုယျ လက္ခဏာများ၊ ယဉ်ကျေးမှုဆိုင်ရာအဆင့်ဆင့် ပြောင်းလဲလာမှု၊ ဒေသတစ်ခုနှင့်တစ်ခု ဆက်စပ်မှု စသည်တို့ကို ဖော်ထုတ်ရရှိမှုများ၊ ရှေးဟောင်း သုတေသနနည်းပညာသင်တန်းကျောင်းမှ ဘာသာ ရပ်ဆိုင်ရာ သင်ကြားပို့ချနေမှုများ၊ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ တူးဖော်မှုမှတ်တမ်းများ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်မည့် အခြေအနေများမှ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိမှု၊ စုဆောင်းရရှိသည့် ရှေးဟောင်းအမွေအနှစ် လက်ရာများအား ပြည်တွင်း၊ ပြည်ပမှ လာရောက် လေ့လာသူများ ကြည့်ရှုလေ့လာနိုင်ရေး သီရိခေတ္တရာ ပြတိုက်အတွင်း ပြကွက်၊ ပြခင်းများဖြင့် စနစ်တကျ ပြသထားရှိမှု၊ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်း တရားမဝင်အဆောက်အဦ များနှင့် တရားမဝင်နေထိုင်မှုများ မရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု စသည်တို့ကို မှတ်တမ်းအထောက်အထားများဖြင့် ရှင်းလင်းတင်ပြသည်။
ရှေးဟောင်းအမွေအနှစ်များကို
စနစ်တကျထိန်းသိမ်း
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပျူနှင့်ပတ်သက်၍ ဗိဿနိုး၊ ဟန်လင်းတို့တွင် တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအရ ရှေးခေတ်ပျူတို့၏ လက်မှုပညာအဆင့်အတန်း မြင့်မားမှုကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပျူခေတ် ဝတ်စားဆင်ယင်မှုများကိုလည်း ပြန်လည် ဖော်ထုတ်ရန်လိုကြောင်း၊ ယနေ့ခေတ်တွင် ပျူမျိုးဆက်များနှင့်ပတ်သက်၍လည်း သုတေသန ပြုရန်လိုကြောင်း၊ ယဉ်ကျေးမှုအရ ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက်လေ့လာခြင်းဖြင့် ပြည်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းကြရန်လိုကြောင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီ များ၊ အဆောက်အဦများ ထိန်းသိမ်းထားရှိမှုကို နောင်လာနောက်သားများ အထောက်အထားရရှိစေ ရေးအတွက် ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာတမ်း များဖြင့် ခုနှစ်၊ သက္ကရာဇ်အလိုက် စနစ်တကျ မှတ်တမ်းထားရှိရန်လိုကြောင်း၊ ဓာတ်ပုံမှတ်တမ်းများ ရယူရာတွင်လည်း အရည်အသွေးကောင်းမွန်မြင့်မား သည့် ဓာတ်ပုံများဖြစ်ရန်လိုပြီး ကွန်ပျူတာစနစ်ဖြင့် လည်း စနစ်တကျမှတ်တမ်းထားရှိရန် လိုကြောင်း၊ ယခင်က မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့၏ သမိုင်း ကြောင်းအစဉ်အလာ မြင့်မားမှုများသည် စနစ်တကျ မှတ်တမ်းရေးမှတ်ထားခြင်းမရှိသဖြင့် ပျောက်ပျက် ခဲ့ရသည်များ များစွာရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သမိုင်းကြောင်းဆိုင်ရာများကို စာအုပ်စာတမ်းများဖြင့် မှတ်တမ်းထားရှိခြင်း၊ ကွန်ပျူတာစနစ်ဖြင့် သိမ်းဆည်းခြင်းတို့ဖြင့် စနစ်တကျ မှတ်တမ်း ထားရှိသွားရန်လိုကြောင်း၊ အိန္ဒိယနိုင်ငံ ဗီဇကာ ပတ်တနန်မြို့တွင်လည်း ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ နေရာတစ်ခုရှိပြီး ၎င်းတို့တူးဖော်ရရှိထားသည့် အဆောက်အဦများ၊ စေတီပုထိုးများ၊ ရှေးဟောင်း ပစ္စည်းများသည် မိမိတို့နိုင်ငံရှိ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများတွင် တူးဖော်ရရှိထား သည့် လက်ရာများနှင့် များစွာတူညီမှုရှိကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် သွားရောက်လေ့လာပြီး သမိုင်း ကြောင်းတွေ့ရှိမှုများကို သုတေသနပြုဆောင်ရွက် ရန်လိုကြောင်း၊ ရာဇကုမာရ်ကျောက်စာတွင် ဗမာ စာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိဘာသာများဖြင့် ထပ်မံဘာသာပြန်ဆိုရေးထိုးထားသည်ကို တွေ့ရှိရ သဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာတို့၏ ဆက်စပ်မှု များ၊ ပျူတို့၏ ယဉ်ကျေးမှုများကို သုတေသနပြု ဖော်ထုတ်ရန်လိုကြောင်း။
ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်
ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာယဉ်ကျေးမှုဇုန် တစ်ခုလုံးအား ခြုံငုံမြင်တွေ့လေ့လာ၍ ရနိုင်သည့် View Point မျှော်စင်တစ်ခုကို စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောက်လုပ်နိုင်မည့် အခြေအနေများနှင့် အဓိကကျသည့် ရှေးဟောင်းယဉ်ကျေးမှုနေရာများ အား Protection Area အဖြစ် ကာရံနိုင်မည့် အခြေ အနေများ၊ ယဉ်ကျေးမှုနယ်မြေအား နိုင်ငံတကာ အဆင့်ရှိသည့် ယဉ်ကျေးမှုတစ်ခုဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာမှ သမိုင်းကို လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီ ကြည့်ရှု လေ့လာနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုဇုန်များသည် ခရီးသွား လုပ်ငန်းအတွက် အရေးကြီးသည့် နေရာများဖြစ်ပြီး လာရောက်လေ့လာသူများပြားလာပါက ဖြစ်ပေါ်လာ နိုင်မည့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးဆိုင်များ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြိုတင်စီမံ ထားရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ လာရောက်လေ့လာသည့် ပညာရှင်များ၊ ဝါသနာရှင် များမှတစ်ဆင့် မြန်မာ့သမိုင်းကို ကမ္ဘာ၌ ထည်ဝါ စေရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းအနေဖြင့် သမိုင်း ကြောင်းဆိုင်ရာ သင်ကြားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ကြည့်ရှုလေ့လာ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည် သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းရှိ သီရိခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထား သည့် အဆင်တန်ဆာနှင့် အသုံးအဆောင်များ ဆိုင်ရာ ပြခန်း၊ စာပေနှင့် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာပြခန်း၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ စာပေဆိုင်ရာ အထောက်အထားများ၊ ပျူခေတ်အုတ် များ၊ ဗိသုကာလက်ရာများနှင့် ပျူခေတ်အသုံး အဆောင်ပစ္စည်းများ စသည့်ပြကွက်များကို တစ်ခု ချင်း အသေးစိတ် စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သမိုင်း အထောက်အထားများအား စနစ်တကျ ထိန်းသိမ်း ထားရှိရန်၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဓာတ်ပုံများနှင့် ခုနှစ်၊ သက္ကရာဇ်များ၊ တူးဖော်ရရှိသည့် နေရာများကို အလွယ်တကူ လေ့လာသိရှိနိုင်ရေး အတွက်လည်း ရှင်းလင်းစွာ စာတန်းထိုးထားရန် လိုကြောင်း၊ ပျူစာဖြင့် ရေးထိုးထားသည့် ကျောက်စာ များကို သမိုင်းပညာရှင်များဖြင့် ဘာသာပြန်ဆို၍ အများပြည်သူလေ့လာနိုင်ရေး ထားရှိရန်လိုကြောင်း၊ ရှေးခေတ်လက်ရာ ဒင်္ဂါးပြားများ၊ လက်ဝတ်ရတနာ များကို အနီးကပ်ကြည့်ရှုလေ့လာနိုင်ရေး ခေတ်မီ နည်းစနစ်များ အသုံးပြု၍ LED Screen များဖြင့် လေ့လာကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားရန် လိုကြောင်း၊ Digital Museum အဖြစ် အဆင့်မြှင့်တင် နိုင်ရေးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
နန်းတော်ရာနေရာ ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိခေတ္တရာပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းရှိ နန်းတော်ရာနေရာသို့ သွားရောက်၍ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှု စစ်ဆေးပြီး နန်းတော်ရာတွင်ရှိနေသည့် ကျုံး ပြန်လည်တူးဖော်ရန် မှာကြားသည်။ ဆက်လက်၍ ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများ ပေးအပ် လှူဒါန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးမြို့
အဆိုပါ သရေခေတ္တရာမြို့ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိသည့် ပျူမြို့ဟောင်းများအနက် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး သရေခေတ္တရာဟူသောအမည်သည် “ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့”ဟု အဓိပ္ပာယ် ရကြောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အရှေ့တောင် ဘက် ၅ မိုင်ခန့်အကွာ မှော်ဇာရွာတွင် တည်ရှိပြီး သရေခေတ္တရာမြို့ဟောင်းသည် အဝန်းအဝိုင်းပုံ သဏ္ဌာန်ရှိကာ မြို့ရိုးသည် အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာ ရှိကြောင်း၊ မြို့ဟောင်းအတွင်း မှော်ဇာရွာအပါအဝင် ကျေးရွာ ပေါင်း ၁၇ ရွာ ပါဝင်ကြောင်း၊ ဒေသရာဇဝင်များ အဆိုအရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာ တော်သက္ကရာဇ် (၁၀၁) ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ဂမ္ဘာန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူမြတ် ၇ ဦးတို့သည် မြတ်စွာဘုရား ဗျာဒိတ်တော် ရှိသည်နှင့်အညီ မြို့ကိုတည်အံ့သော အကြောင်းကို စုရုံးတိုင်ပင်ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်နေ ပြီးလျှင် နဂါးကို စက်ကြိုးပြု၍ ပတ်စေခဲ့ကြောင်း၊ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာမြို့တော်၏ ပမာဏအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင် မင်းကြီးကို နန်းတင်မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့ ကြောင်း၊ သရေခေတ္တရာမြို့ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင် ပေါက်၊ ကျုံး၊ မြို့ရိုးကဲ့သို့သော အဆောက်အဦ အကြွင်းအကျန်များနှင့်အတူ လက်ရှိအချိန် အထိ လူနေထိုင်ဆဲ မြို့ပြတစ်ခုဖြစ်ကြောင်း၊ မြို့ဟောင်းတူးဖော်မှုလုပ်ငန်းနှင့် ကွင်းဆင်း သုတေသနလုပ်ငန်းများကို ၁၉၀၇ ခုနှစ်မှစတင်၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဦးစီး ဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်