
နေပြည်တော် နိုဝင်ဘာ ၂၃
အရှေ့ဖျားအာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and South East Asia- CCOP) ၏ (၅၇)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးနှင့် (၇၇) ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 57th CCOP Annual Session and the 77th CCOP steering Committee Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက် မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ CCOP ရုံးချုပ်နှင့် ဗီယမ်နမ်နိုင်ငံ ဟနွိုင်းမြို့တို့မှ Virtual ဖြင့် ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်နှင့် ဌာနအကြီးအကဲများ ပါဝင်တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
CCOP သည် ဘူမိသိပ္ပံဆိုင်ရာနယ်ပယ်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံများ အတွင်း ဓာတ်သတ္တုကဏ္ဍ၊ ဘူမိဘေးအန္တရာယ် လျှော့ချရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မြေအောက် ရေကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ ဘူမိဗေဒကဏ္ဍတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက် ဆွေးနွေး ခြင်းအားဖြင့် သုတေသနလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်လျှော့ချရေး အစီအမံများ စသော ဘူမိ သိပ္ပံဆိုင်ရာများကို ပိုမိုသိရှိနိုင်ခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
ယခုကျင်းပသည့် အစည်းအဝေးတွင် အစီအစဉ် ရှစ်ခုပါဝင်၍ နိုင်ငံတကာမှ ဘူမိသိပ္ပံဆိုင်ရာကျွမ်းကျင် ပညာရှင် ကိုယ်စားလှယ်စုစုပေါင်း ၉၉ ဦး ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်