
နေပြည်တော် စက်တင်ဘာ ၂၈
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ ပေါ်တွင် တည်ရှိနေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “နိုရူ” သည် အပူပိုင်းမုန်တိုင်း“နိုရူ” အဖြစ်သို့ အားလျော့သွားခဲ့ပြီး လာအိုနိုင်ငံတောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “နိုရူ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား ပြီး ထိုင်းနိုင်ငံပေါ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင်
အဆိုပါ အပူပိုင်းမုန်တိုင်း “နိုရူ” ၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ အောက်တိုဘာ ၂ ရက်အတွင်း နေပြည်တော်၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်
မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
ကြိုတင်သတိပြုရန်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး တွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ မိုး/ဇလ