အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

 

နွေရာသီတွင်ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေ ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။
ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ် စေရေးအတွက် အောက်ဖော်ပြပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် -
(၁)    ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ အနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ၊
(၂)    ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း တို့ကို ရှောင်ကြဉ်ပါ၊
(၃)    ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန်လိုအပ်ပါကလည်း အရိပ် လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ၊ အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တ အနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ၊
(၄)    အလင်းပြန်သောအဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ၊
(၅)    နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ၊
(၆)    အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမို ပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ၊
(၇)    ခန္ဓာကိုယ်အတွင်း   ရေနှင့်ဓာတ်ဆားဓာတ်များ   ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ၊
(၈)    မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ၊
(၉)    အပူဒဏ်အန္တရာယ်ခံစားရသောလူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များသောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်း စေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား နှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသ၍ ကုသမှုခံယူစေပါ။
ကျန်းမာရေးဝန်ကြီးဌာန
(ဧပြီလ၊ ၂၀၂၃)