Apple နည်းပညာကုမ္ပဏီမှ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပြီးမှသာ လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုမည်

နယူးယောက်   ဇန်နဝါရီ   ၁၆


အမေရိကန်နိုင်ငံမှ Apple နည်းပညာကုမ္ပဏီ သည် ၎င်း၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးစီးကြောင်း ဆေးလက်မှတ်ပြသနိုင်မှသာ  လုပ်ငန်းခွင်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့်ပြုသည့်စနစ်အား ကျင့်သုံးသွား မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောကြားချက် အရ သိရသည်။ 
ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အဆိုပါနည်းပညာ ကုမ္ပဏီ၌    လာရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် အကယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါက တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံ ခြင်းကို ခံယူရမည်ဖြစ်သည်။


အမေရိကန်နိုင်ငံအတွင်း      လက်ရှိအချိန်၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက် နေခြင်းကြောင့် အမေရိကန်နိုင်ငံရှိ ကုမ္ပဏီအများ အပြားမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အပိုဆောင်းထိုးနှံခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို ဆောင်ရွက် စေလျက်ရှိကြောင်း သိရသည်။ မကြာသေးမီအချိန်က ဖေ့စ်ဘွတ်၏    လုပ်ငန်းခွဲတစ်ခုဖြစ်သော   မီတာ နည်းပညာကုမ္ပဏီကလည်း   ၎င်း၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နည်းပညာ ကုမ္ပဏီများဖြစ်သည့် ဂူးဂဲလ်နှင့် အမေဇုန်တို့ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆောင်ရွက်ချက်များ၌ ဂူးဂဲလ်ကုမ္ပဏီ ၏  ရုံးအဆောက်အအုံသို့   ဝင်ရောက်သူများသည် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးမှုခံယူရန်လိုအပ်ပြီး အမေဇုန်ကုမ္ပဏီကလည်း ၎င်း၏ ကုန်လှောင်ရုံများ တွင် တာဝန်ထမ်းဆောင်သော   ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူနိုင်ရန် တစ်ဦးလျှင် ကန်ဒေါ်လာ ၄၀ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ 


ကိုးကား - စီဂျီတီအန်၊ ဘာသာပြန် - စိုးသူရ