
နေပြည်တော် အောက်တိုဘာ ၁၂
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation Organization-ICAO)က ကြီးမှူးကျင်းပသည့် High Level Conference on COVID-19 (HLCC 2021) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် ကနေဒါ နိုင်ငံ မွန်ထရီရယ်မြို့၌ Video Conference ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပါဝင်တက်ရောက်သည်။
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Salvatore Sciacchitano က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲကို “One Vision for Aviation Recovery, Resilience and Sustainability Beyond the Global Pandemic” ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံပြီး စွမ်းဆောင်ရည်ရှိစွာဖြင့် ပြန်လည်တည်ထောင်နိုင်ရေးနှင့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ၏ ခံနိုင်ရည်ရှိမှုကို ပိုမိုကြံ့ခိုင်စေ မည့် အခြေခံအုတ်မြစ်တည်ဆောက်၍ ရေရှည် တည်တံ့စေမည့် အနာဂတ်အစီအမံများချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး အတူလက်တွဲဖြေရှင်း နိုင်ရေးအတွက် ယခုအစည်းအဝေးကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီးက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော် အစိုးရက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်နေမှု၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ် တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းကို အရှိန် အဟုန်မပြတ် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားရေး ဟူသည့် လုပ်ငန်းစဉ်(၂)ရပ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ထိခိုက်ခံစားရမှုများ၊ လေကြောင်းပို့ဆောင်ရေးသည် ပြည်ပရင်းနှီးမြှုပ်နှံ မှုများတိုးတက်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ဖြစ်ထွန်းရေးအတွက် အရေးပါသည့်အလျောက် မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရေး စီမံချက် (Myanmar Economic Relief Plan-MERP)နှင့်အညီ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ပြန်လည် ဦးမော့စေရေး ဆောင်ရွက်နေမှုများ၊ အပြည်ပြည် ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်က ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့်အညီ လေဆိပ်လုပ်ငန်း ဆောင်ရွက်သူများ၊ လေကြောင်းကုန်စည်ဝန်ဆောင် မှု လုပ်ကိုင်သူများ၊ ပြည်တွင်းလေကြောင်းလိုင်းများ၊ နိုင်ငံတကာလေကြောင်းလိုင်းများက လိုက်နာရမည့် ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်မှုတားဆီးကာကွယ်ရေးစည်းကမ်းချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်နေမှုများကို ပါဝင်ဆွေးနွေး ခဲ့သည်။
High Level Conference on COVID-19 (HLCC 2021) ကို အောက်တိုဘာ ၁၂ ရက်မှ ၂၂ ရက်အထိ Ministerial Plenary အစည်းအဝေး၊ ဘေးကင်း လုံခြုံရေး (Safety) ကဏ္ဍဆိုင်ရာအစည်းအဝေးနှင့် လွယ်ကူချောမွေ့စေရေး (Facilitation) ကဏ္ဍ ဆိုင်ရာအစည်းအဝေးများကို ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်