
နေပြည်တော် မတ် ၁
အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာ နည်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သော အဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအတွင်း နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်း၊ Social Media များကို အသုံးပြု၍ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆန္ဒပြမှု ပုံစံအမျိုးမျိုးကို (ကွန်ရက်)စနစ်ဖြင့် ဖော်ပြကာ နေရာဒေသအသီးသီးတွင် ဆူပူမှုမဖြစ်မနေ ဆောင် ရွက်ကြရန် နေ့စဉ်ရက်ဆက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရပါကြောင်း။
၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင်လည်း နေရာ ဒေသအချို့၌ ဆူပူအကြမ်းဖက်သူ လူအုပ်စုများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖမ်းဆီးခြင်း၊ ကြိုးတုပ်ခြင်း၊ ဒဏ်ရာပြင်းထန်စွာ ရရှိအောင် နှိပ်စက်ခြင်း၊ လှည့်ကင်းဆောင်ရွက်နေသူများအား ရေနွေးပူဖြင့် လောင်းချခြင်း စသည့်အကြမ်းဖက်မှု ပုံသဏ္ဌာန်အမျိုးမျိုးကို ဆောင်ရွက်နေကြသည်ကို ဖြစ်စဉ်များအရ တွေ့ရှိရပါကြောင်း။
ဖမ်းဆီးထိန်းသိမ်းထား
၂၀၂၁ ခုနှစ် မတ်လ ၁ ရက် မွန်းလွဲတွင် ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတော လမ်း၊ ဗားကရာလမ်းနှင့် ကမာရွတ်မြို့နယ် အင်းစိန်လမ်းမပေါ်တို့တွင် လူစုလူဝေးများ ဖြစ်ပွား ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ဒသမ ၁၂ ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုး သားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းသုံးဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက အသံမြည်ဗုံးအသုံးပြု၍ လူစုခွဲခဲ့ရကြောင်း။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ရွှေဘိုနှင့် ကလေးမြို့တို့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ ဒသမ ၁၂ ဗို့ ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံး၊ ၃၈ မီလီမီတာ ရော်ဘာကျည်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူ အော်ဟစ်ဆန္ဒပြသူ အမျိုးသားငါးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်းရှစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း။
အလားတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒသမ ၁၂ ဗို့ ပြောင်းချောသေနတ်၊ ၃၈ မီလီမီတာ ရော်ဘာကျည်၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းခုနစ်ဦးတို့ အား ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ရှမ်းပြည်နယ် လားရှိုးမြို့ ယုံအော် ဟိုတယ်ရှေ့တွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒသမ ၁၂ ဗို့ပြောင်းချော သေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရ ကြောင်း။
လူငယ်များအား ရှေ့တန်းတင်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူစုလူဝေး များအား ကိုင်တွယ်ထိန်းသိမ်းကြရာတွင် ထိခိုက်ဒဏ် ရာရရှိမှုကို အနည်းဆုံးသာဖြစ်ပွားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လူစုလူဝေး အတွင်း လူငယ်များအား ရှေ့တန်းတင်ကာ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိ စေရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို ပိုမို တွေ့မြင်လာရကြောင်း။
လူငယ်ထုအနေဖြင့် မိမိတို့၏ အနာဂတ်မျှော်မှန်း ချက်များ မပျက်ပြားစေရေးအတွက် ယခုဖြစ်ပွားနေ သည့် နိုင်ငံတော်ဆန့်ကျင်ရေး အဖွဲ့အစည်းများတွင် စည်းရုံးမှုမခံရရေးအတွက် လူငယ်များ၏ မိဘ ဆွေမျိုးများက ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ပေးကြ ရန် အေးချမ်းသာယာလုံခြုံစွာနေထိုင်လိုသူ ပြည်သူ လူထုအများစုက လိုလားလျက်ရှိကြောင်း ဖော်ပြပါရှိ သည်။
သတင်းစဉ်