
ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တွင် အညာကျေးလက်ဒေသ တောင်သူတို့၏ ရိုးရာ ဓလေ့ ပုန်းမကြည်ရှင်မ ပူဇော်ပွဲကို ကျေးရွာတိုင်းရှိ အိမ်တိုင်းသာမက မြို့ပေါ်ရှိကျေးရွာနှင့် ဆွေစဉ် မျိုးဆက်မကင်းသော သီးနှံပွဲရုံ၊ ဆီစက်၊ ပဲခွဲစက်အစ ရှိသည့် လုပ်ငန်းရှင်အိမ်များတွင်လည်း ပုန်းမကြည် ရှင်မပူဇော်ခြင်း (ဒေသအခေါ် ပုန်းမကြည်မှောက် ခြင်း) ကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်၅နာရီခန့်မှ စတင်၍ ဆောင်ရွက်ကြသည်။
ကျောက်ပန်းတောင်းမြို့နယ် အပါအဝင် အညာ ဒေသမြို့နယ်များရှိ ကျေးရွာများတွင် ကောက်ကြီး သိမ်းပြီးချိန် ယာခင်းများတွင် သီးနှံများ ရိတ်သိမ်းပြီး ချိန်ဖြစ်သည့် တပေါင်းလဆန်း ၃ ရက်တွင် ပုန်းမကြည်ရှင်မပူဇော်ပသခြင်းကို ဆောင်ရွက်ကြ လေ့ရှိသည်။ တပေါင်းလဆန်း ၃ ရက်တွင် နက္ခတ်ဆန်းသည့် ပုဗ္ဗကြယ်(နတ်)ကို တောင်သူ လယ်သမားများ၊ လယ်၊ ယာ၊ ကိုင်း၊ ကျွန်းလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ရှေးအစဉ် အဆက် ပူဇော်ပသခဲ့ကြခြင်းဖြစ်၍ ထိုမှကာလ ရွေ့လျားပြီး ပုဗ္ဗကြယ်မှ ပုန်းမကြည်ဟူ၍ ပြောင်းလဲ လာခဲ့သည်ဟု ယူဆသူများရှိသည်။ အချို့ကလည်း မြတ်စွာဘုရားရှင်ဟောကြားသည့် ဘဝအဆက်ဆက် အတုံ့အလှည့်များနှင့် ရန်ငြိုးဖွဲ့ခဲ့ကြသည့် ကာဠိယက် ခိနီဘီလူးမဝတ္ထုတွင် နောက်ဆုံးဘဝ၌ ဘီလူးအဖြစ် ဖြင့် တောင်သူတစ်ဦး၏ ယာတွင်လာရောက်ပုန်းခို နေရာမှ ပုန်းမကြီးအဖြစ်ယာရှင်များအား သီးနှံ ကောင်းအောင် စောင့်ရှောက်ခဲ့သည်မှ အစပြု၍ လူအများကိုးကွယ်ခဲ့ကြသည်ဟူ၍လည်း ယုံကြည် ကြကြောင်း သိရသည်။
အဆိုပါ ပုန်းမကြည်ရှင်မ ပူဇော်ပသခြင်း (ပုန်းမကြည်မှောက်ခြင်း) ကို ဆောင်ရွက်ရာတွင် ကောက်ညှင်း၊ ဆန်မှုန့်များနှင့် ထန်းလျက်ရည်တို့ကို ရောနှော၍ မုန့်ဆီကြော် ပြုလုပ်ခြင်း၊ ကောက်ညှင်းဖြင့် အဖြူရောင်မုန့်များဖြစ် သည့် လူရုပ်၊ နွားရုပ်၊ လက်ကောက်၊ လှည်းရုပ်များ၊ ကျောက်ပျဉ်ရုပ်များ အစရှိသည့် အရုပ်များပြုလုပ်၍ အဆိုပါမုန့်များနှင့်အတူ လက်ဖက်၊ ဘဲဥ၊ မုန့်ပဲ သရေစာများ၊ အချို့က ငွေစက္ကူများကိုပါ ဒန်အိုး၊ ဒန်ခွက်များ၊ ချိုင့်များတွင်ထည့်၍ နံနက်အရုဏ်ဦး တွင် နွားတင်းကုပ်၊ ပုတ်၊ ကျည်၊ မီးဖိုချောင်၊ ယာခင်း အတွင်းရှိ စည်းရိုး၊ သစ်ပင် အစရှိသည့် နေရာများနှင့် မိမိတို့အိမ်တွင်ရှိသည့် စက်၊ ယာဉ်များ၊ လှည်းအိမ် များတွင် လူမမြင်အောင်ဝှက်၍ တင်ပါတယ်၊ မြှောက်ပါတယ်၊ မုန့်ဆီကြော်လည်း ပါပါတယ်။ လက်ဖက်ဆီဆမ်းလည်းပါ ပါတယ်၊ ဝါးပါ၊ စားပါ၊ ပြီးရင်လည်း မိုးသုံးချက်၊ လေသုံးချက်နှင့်အညီ စိုက်တဲ့သီးနှံတိုင်း အောင်မြင်အောင် ပုန်းမကြည် သခင်မ မစပါ၊ ရွှေလက်ကောက်ကြီးပေးပါ၊ ရွှေလှည်း၊ ငွေလှည်းပေးပါဟု ရွတ်ဆို၍ ပုန်းမကြည် ရှင်မကို ပူဇော်ပသကြသည်။ ပုန်းမကြည်ရှင်မကလည်း လူအများ မမြင်၊ မသိ၊ မနိုးခင် လာရောက်သုံးဆောင် သည်ဟု ယုံကြည်ယူဆကြပြီး မိုးလင်းသည့်အခါ (အချို့မှာလည်း နံနက်ဝေလီဝေလင်း)မှပင် အဆိုပါ ပုန်းမကြည်မှောက်သည့် အိုး/ ခွက်/ ချိုင့်များကို လူအများက ရိုးရာဓလေ့ ပျော်ရွှင်ဖွယ်အဖြစ် ယူငင် စားသောက်ကြခြင်းဖြင့် ပုန်းမကြည်ရှင်မ ပူဇော် ပသခြင်း အမှုပြီးမြောက်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း တပေါင်းလဆန်း ၁ ရက် လေတိုက်ခတ်ပါက မိုးဦးကောင်းမည်။ တပေါင်းလ ဆန်း ၂ ရက် လေတိုက်ခတ်ပါက မိုးလယ်ကောင်းမည်၊ တပေါင်းလဆန်း ၃ ရက်နေ့ လေတိုက်ခတ်ပါက မိုးနှောင်းကောင်းမည်ဟူ၍ အယူအမှတ်ထားကြပြီး နှစ်စဉ် ရာသီဥတုမှန်ကန်စေရန်၊ သီးနှံအထွက်နှုန်းကောင်းစေရန်တို့အတွက် ယခုလိုကာလရောက် တိုင်း အညာဒေသဓလေ့ထုံးတမ်းစဉ်လာအရ ယနေ့ ထက်တိုင် ပုန်းမကြည်ရှင်မပူဇော်ခြင်းကို ယုံယုံ ကြည်ကြည် ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)