အင်းလေးကန်နှင့် အင်းတော်ကြီးကန်အား ဇီဝအဝန်းနယ်မြေနှစ်ခုအဖြစ် ယူနက်စကို အသိအမှတ်ပြု

 

 

ရန်ကုန်  အောက်တိုဘာ ၂၂

လူနှင့်သဘာဝနယ်မြေကို ထိန်းညှိထားသော မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကို ဆွဲဆောင်လျက်ရှိသည့် အင်းလေးကန်နှင့် အင်းတော်ကြီးကန်အား ဇီဝအဝန်းနယ်မြေနှစ်ခုအဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားကြောင်း သိရသည်။
   

 

 သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံ၏ဝင်ငွေတစ်ခုအဖြစ် အပြိုင်အဆိုင်ဖော်ဆောင်ခဲ့ကြရာ  ကိုဗစ်-၁၉ ရောဂါ ကြုံတွေ့ရသော ကာလတွင်လည်း ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများဖြင့်  ခရီးသွားလုပ်ငန်းမှ ဝင်ငွေအချို့  ရရှိခဲ့ကြသည်။ ခရီးသွားလုပ်ငန်း၏ အဓိကအသက်သွေးကြောဖြစ်သော ဇီဝမျိုးစုံမျိုးကွဲ များနှင့်  ဂေဟစနစ်များ ထိန်းသိမ်းထားရှိရာ  ဇီဝ အဝန်းနယ်မြေနှစ်ခုတွင် နေထိုင်သော ဒေသခံတို့၏ လူမှုရေးနှင့်စီးပွားရေးကဏ္ဍများ ရေရှည်တည်တံ့ ခိုင်မြဲစေလျက် ထိုဒေသ၏ဂေဟစနစ်များ ဖွံ့ဖြိုး တိုးတက်မှုကို  ဝိုင်းဝန်းထိန်းသိမ်း၍  လူနှင့်သဘာဝ သဟဇာတဖြစ်တည်မှုကို  ပေါင်းစည်းပေးခြင်းဖြင့် အင်းလေးကန်နှင့်  အင်းတော်ကြီးကန်တို့၏  ဇီဝ အဝန်းနယ်မြေနှစ်ခုကို     ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။

 

အောင်မြင်သောလုပ်ငန်းတစ်ခု
     

လူသားနှင့်   ဇီဝအဝန်းနယ်မြေအစီအစဉ်သည် ယူနက်စကို၏ အောင်မြင်သောလုပ်ငန်းတစ်ခုဖြစ် ပြီး ထိုအစီအစဉ်တွင် ပါဝင်သောနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏    ဇီဝအဝန်းနယ်မြေများ ရေရှည် တည်တံ့စေရန်နှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ အတွေ့ အကြုံများမျှဝေခြင်း၊ သဘာဝဇီဝအဝန်း နယ်မြေများ ထိန်းသိမ်းထားရှိမှု အသိပညာမျှဝေခြင်း၊ လူသားတို့ သဘာဝနယ်မြေများကို မြတ်နိုးတန်ဖိုးထားတတ်စေ ရန်နှင့် ဆင်းရဲမွဲတေမှုကို   လျှော့ချနိုင်ရေးတို့ကို ဆွေးနွေးလေ့ရှိသည်။
     အင်းလေးကန်နှင့်   အင်းတော်ကြီးကန်သည် အာရှသာမက ကမ္ဘာကပါစိတ်ဝင်စားသော ခရီးသွား များလေ့လာရာ  ဇီဝအဝန်းနယ်မြေများဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော သဘာဝထိန်းသိမ်း‌ရေးနယ်မြေဖြစ်သည်။ အထူးသဖြင့် အင်းလေး ကန်သည် အာဆီယံအမွေအနှစ်ဥယျာဉ်၊ အပြည်ပြည် ဆိုင်ရာ လူသားနှင့်ဇီဝအဝန်းနယ်မြေနှင့် အင်းလေး ကန်  ရမ်ဆာရေဝပ်ဒေသလည်းဖြစ်သည်။ အင်းလေးကန်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝအခြေခံ များကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဆက်စပ် ဌာနများနှင့်  အဖွဲ့အစည်းအသီးသီးတို့  ပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူတို့ ဟန်ချက်ညီ      ပူးပေါင်းပါဝင်ထိန်းသိမ်းမှုသည် အင်းလေးကန်    ဇီဝအဝန်းနယ်မြေအတွက်     အထူး အရေးပါလျက်ရှိသည်။ 

 

အတူယှဉ်တွဲနေထိုင်နိုင်တဲ့စနစ်


     “လူသားနဲ့ဇီဝအဝန်းနယ်မြေဆိုတာ သဘာဝတရား နဲ့လူသားတွေ  ညီညီညွတ်ညွတ်  မျှမျှတတ အတူ ယှဉ်တွဲနေထိုင်နိုင်တဲ့စနစ်ကို ကျင့်သုံးတဲ့ဧရိယာကို ဆိုလိုတာပါ။ အင်းလေးကန်    ထိန်းသိမ်းဖို့ဆိုရင် သစ်တောဌာနတစ်ခုတည်းမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေသာမက   နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ရမှာပါ။   အင်းလေးကန် ဟာ ဇီဝမျိုးစုံမျိုးကွဲတွေ၊  ရေနေသတ္တဝါမျိုးစိတ်တွေ ရှိသလို လူတွေလည်းနေထိုင်ကြတယ်။ လူတွေအနေ နဲ့ဇီဝမျိုးစုံ မျိုးကွဲနဲ့ရေသံသရာမျိုးစိတ်စတဲ့ ဂေဟ စနစ်တွေ မပျက်စီးအောင်ထိန်းသိမ်းတာဟာ  ခရီး သွားလုပ်ငန်းဖွံ့ဖြိုးမှုကို    အထောက်အပံ့ဖြစ်စေတဲ့ အတွက်  ဒေသခံတို့ရဲ့  လူမှုစီးပွားကိုသာမက  နိုင်ငံ အတွက်လည်း ခရီးသွားလုပ်ငန်းက ဝင်ငွေရရှိစေတာ ကြောင့်   ဇီဝအဝန်းနယ်မြေကို   ကမ္ဘာ့နိုင်ငံတွေက သက်ဆိုင်ရာနိုင်ငံအလိုက်   ထိန်းသိမ်းနေကြပါတယ်။ ဇီဝဂေဟစနစ်ဟာ   သဘာဝနဲ့လူသားကို    အပြန် အလှန်ချိတ်ဆက်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံ အတွက်လည်း တန်ဖိုးဖြတ်လို့မရတဲ့ ဇီဝအဝန်းနယ် မြေနှစ်ခုကို  ယူနက်စကိုက    အသိအမှတ်ပြုထားတာ ဟာ နိုင်ငံအတွက် ဂုဏ်ယူစရာပါ” ဟု နတ်မတောင် အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး  ဦးစိန်ထွန်းက ပြောကြားသည်။

 


ခရီးသွားလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိ
     

သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိသည့်    ဇီဝအဝန်းနယ်မြေများ မြန်မာနိုင်ငံတွင် များစွာတည်ရှိလျက်ရှိရာ ဇီဝအဝန်း နယ်မြေအဖြစ်   ယူနက်စကိုမှအသိအမှတ်ပြုရန်  အင်းလေးကန်နှင့် အင်းတော်ကြီးကန်အတွက် ၂၀၁၃ ခုနှစ်တွင် အဆိုပြုလွှာတင်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကော်မတီ(ICC)မှ စစ်ဆေး၍  သုံးနှစ်အကြာတွင် ဇီဝအဝန်းနယ်မြေအဖြစ်    အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
   

 

ဇီဝအဝန်းနယ်မြေပေါင်း ၇၂၇ခုရှိ


ယနေ့အထိ ကမ္ဘာ့နိုင်ငံတို့ရှိ နိုင်ငံပေါင်း ၁၃၁ နိုင်ငံတွင် ဇီဝအဝန်းနယ်မြေပေါင်း ၇၂၇ခုရှိပြီး အာရှ တွင်ရှိသော နိုင်ငံများလည်း  ပါဝင်သည်။ မြန်မာနိုင်ငံ အနေဖြင့်      ဇီဝအဝန်းနယ်မြေနှစ်ခုဖြစ်သော  အင်းလေးကန်နှင့် အင်းတော်ကြီးကန်တို့ ပါဝင်လျက် ရှိရာ မြန်မာနိုင်ငံနှင့်  ထိစပ်နေသော နိုင်ငံဧရိယာ အချို့တွင်လည်း ဇီဝအဝန်းနယ်မြေများကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။  ကမ္ဘာ့နိုင်ငံတို့၌ နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသော ဇီဝအဝန်းနယ်မြေ ၂၂ ခုရှိပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အစဉ် ဆွဲဆောင်လျက်ရှိသော ဇီဝအဝန်းနယ်မြေနှစ်ခုကို ယူနက်စကိုမှ  အသိအမှတ်ပြုထားမှုသည်   နိုင်ငံ အတွက်    ဂုဏ်တင့်လျက်ရှိကြောင်း သိရသည်။
           

ညိမ်းသူ ( သတင်းစဉ် )၊ဓာတ်ပုံ - ကနူး