
နေပြည်တော် မေ ၂၅
အနော်ရထာတံတား(ချောက်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်း သွားလာရန် အစုန်၊ အဆန် ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၃)နှင့်(၄)အကြားမှ သတ်မှတ်ထားခဲ့ပြီး ယခုအခါ ရေကြောင်းရေလမ်း အခြေအနေအရ တံတားရေလမ်းကြောင်းကို မေ ၂၇ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၅) နှင့် (၆) အကြားမှ လည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၄)နှင့်(၅)အကြားမှလည်းကောင်း ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ ၁၁၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၁၇ မီတာရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားမည်ဖြစ်သည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသထားမည် ဖြစ်သည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင် များ၏ တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်၊ တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြ ရန်နှင့် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက် သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်း ကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
သတင်းစဉ်