![7](/npe/sites/default/files/2024-05/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%B6%E1%80%94%E1%80%B1%E1%80%99%E1%80%BE%E1%80%AF%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA%E1%80%95%E1%80%AF%E1%80%B6.jpg)
ကိုလူလှ
လူ့ဘောင်လောကတွင် ကလေးသူငယ် ငယ်ရွယ်သူများသည် အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အသိပညာဗဟုသုတများ မရှိကြသေးပေ။ လက်ဦးဆရာ မိဘဆရာသမားများ၏ သွန်သင်ညွှန်ပြမှုများဖြင့် လူလားမြောက်ကြရသည်။ တစ်နည်းဆိုလျှင် အသိပညာတိုးလာစေရန် ကျောင်းတက်ပညာရှာကြရသည်။ ပညာကိုပြီးဆုံးအောင် အပတ်တကုတ် သင်ယူကြိုးပမ်းအားထုတ်လျှင် အားထုတ်သလောက် ထူးချွန်ထက်မြက်သူများ ဖြစ်လာကြသည်။ ပညာသင်ကြားမှု ပြီးဆုံးသည့်အခါ မိမိကိုယ်ပိုင် ရပ်တည်နိုင်သောစွမ်းရည်၊ မိမိကိုယ်တိုင် ထိန်းကျောင်းနိုင်သော စွမ်းအားများရရှိပြီး မိမိ၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာနိုင်သည်။
ပညာတတ်ပေါများ
ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် နိုင်ငံ တိုးတက်ရေး၊ လူမှုဘဝမြင့်မားရေးအတွက် ပညာ ရေးတွင် များစွာရင်းနှီးမြှုပ်နှံနေကြသည်။ ပညာရေး ကို အားပေးမြှင့်တင်နေကြသည်။ ပညာတတ်များ ပေါများရေး၊ လူသားအရင်းအမြစ်များ ကြွယ်ဝရေးကို မြော်တွေးပြီး အရွယ်ရောက်သူတိုင်း ကျောင်းနေရေး၊ ကျောင်းနေသူတိုင်း ပညာတတ်များ ဖြစ်လာရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပညာရေးကို အားပေးသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်လျက် ရှိသည်။ ပညာရေးကို အားပေးသည်ဆိုရာ၌ နိုင်ငံသားတိုင်း ပညာကို ဆုံးခန်းတိုင်သင်ကြားနိုင် ရေး၊ ပညာတတ်ပေါများလာရေးကို အလေးထားကြ သည်။ ပညာတတ်များ ပေါများသဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။ အမှား၊ အမှန်၊ အကောင်း၊ အဆိုး ခွဲခြားရှုမြင်တတ်သူများ များလာသည်။
ပညာတတ်ပေါများသော နိုင်ငံများသည် အသိ ပညာကြွယ်ဝကြသဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးတို့ကို ခွဲခြားရှုမြင်သုံးသပ်နိုင်စွမ်းရှိပြီး မိမိ နိုင်ငံ တိုးတက်မှုကို အထိအခိုက်မခံဘဲ တည်တည် ငြိမ်ငြိမ် ဆောင်ရွက်နိုင်ကြသည်။ သို့သော် ပညာ တတ်သူတိုင်း အားလုံးကိုမဆိုလို၊ အတ္တကြောင့် မခွဲခြား၊ မရှုမြင်နိုင်သူများလည်းရှိသည်။ အသိ ခေါက်ခက် အဝင်နက်သူများလည်း ရှိသည်။ မှန်ကန်စွာ တွေးတောဆင်ခြင်နိုင်စွမ်းရှိသည့် ပညာ တတ်များနည်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ လိုရင်းမှာ ပညာတတ်ပြီး မိမိနိုင်ငံ၊ မိမိဘဝကို အထိအခိုက်မခံနိုင်သည့် ပညာတတ်များ၊ ခွဲခြား ရှုမြင် သုံးသပ်နိုင်စွမ်းရှိသည့် ပညာတတ်နိုင်ငံသား များ များများစားစား ဖြစ်ထွန်းလာရေးဖြစ်သည်။
တည်ငြိမ်စွာဆောင်ရွက်
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နိုင်ငံရေးခံယူချက် မည်မျှကွဲလွဲသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထိအခိုက်မခံရေး ဘုံရည်မှန်းချက်ထားရှိကြ သည်။ အိမ်နီးချင်း၊ ဒေသတွင်း ဖွံ့ဖြိုးစနိုင်ငံများ သည်ပင် အဆိုပါခံယူချက်များရှိနေကြပြီဖြစ်သည်။ အစိုးရက ပညာကိုအားပေးပြီး ပြည်သူများက ပညာ ကို လိုလားကြသောကြောင့် နိုင်ငံ၏ ပညာအညွှန်း ကိန်းမြင့်မားလာသည်။ သာဓကအားဖြင့် မကြာသေး သောကာလက ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ တွင် ကြီးမားသောရိုက်ခတ်မှုများ ရှိခဲ့သော်လည်း ပညာတတ်မြောက်ကြသော နိုင်ငံသူ နိုင်ငံသားများ ၏ ဆင်ခြင်တုံတရားကြောင့် တိုင်းပြည်ကို အထိအခိုက် မခံဘဲ တည်ငြိမ်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ဆင်ခြင် တုံတရားရှိခြင်းမှာ ပညာကြောင့်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံ၌ ပညာရေးတွင် အားနည်းချက် များရှိနေသောကြောင့် နိုင်ငံရေးတည်ငြိမ်မှု အားနည်းမှုရှိနေသည်ဟု ပြောရမလိုဖြစ်သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမှုစစ်တမ်းများအရ စာတတ်မြောက်မှု ရာခိုင်နှုန်း ၉၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် စာမတတ်သူ ရာခိုင်နှုန်းအနည်းငယ် သာကျန်ရှိသဖြင့် ဝမ်းသာစရာဖြစ်သည်။ ကျန်ရှိ သော စာမတတ်မြောက်သေးသူများ အမြို့မြို့ အနယ်နယ်အလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများပြုလုပ်ပေးပြီး စာမတတ်သူပပျောက် အောင် ဆောင်ရွက်နေသည်။ သို့သော် အခြေခံ ပြည်သူများသည် စာတတ်မြောက်ကြ၊ ကျောင်းနေခဲ့ ကြသော်လည်း အများစုမှာ မူလတန်းအဆင့်တွင်ပင် ပညာသင်ယူမှုအဆုံးသတ်ခဲ့ပြီး ကျောင်းနေသည့် အရွယ် ကျော်လွန်သွားကြသည်ကို တွေ့ရသည်။
အကြောင်းအမျိုးမျိုး
အစီရင်ခံစာတွင် ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြ ကြောင်းနှင့် အသက် ၁၂ နှစ်မှစပြီး ကျောင်းတက်နှုန်း စတင်ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြထားသည်။ ကျောင်းဆက် မတက်သူ ၁၀ ဦးကို မေးမြန်းလေ့လာရာတွင် သုံးဦး သည် မိသားစုကို ကူညီနေရ၍ဟု ဖြေဆိုပြီး နှစ်ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သော ကြောင့်ဟု ဖြေဆိုထားသည်။ အသက် သုံးနှစ်မှ အသက် ၅၀ အတွင်းရှိသူတို့ ကျောင်းဆက် မတက်ရခြင်း အဓိကအကြောင်းရင်းမှာ မကျန်းမာ ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန် ငွေမတတ် နိုင်ခြင်းကြောင့် ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ် ကူရခြင်းကြောင့် ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် ကူညီလုပ်ကိုင်ရခြင်း ကြောင့် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် ပညာကိုစိတ်မဝင်စားခြင်း ကြောင့် ၁၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် ကျောင်းဝေးလွန်း သည်ဟု အကြောင်းပြမှုကြောင့် ၄ ဒသမ ၅ ရာခိုင် နှုန်း ပါဝင်နေသည်ကို တွေ့ရသည်။
အပတ်တကုတ်ဆည်းပူး
လူဖြစ်လာသည်နှင့် ပညာကို ငယ်စဉ်အခါမှစ၍ သင်ကြားကြရသည်။ ကလေးသူငယ်အရွယ်အလိုက် တန်းစဉ်အဆင့်ဆင့် ကူးပြောင်းအောင်မြင်အောင် သင်ကြားကြရသည်။ အသက်ငါးနှစ်မှ ၁၀ နှစ် အတွင်း မူလတန်း၊ ၁၀ နှစ်မှ ၁၄ နှစ်အတွင်း အလယ်တန်း၊ ၁၄ နှစ်မှ ၁၆ နှစ်အတွင်း အထက် တန်းတို့ကို အောင်မြင်ပြီးမြောက်အောင် သင်ကြား ကြရသည်။ အတန်းတစ်တန်းကျလျှင်လည်းကောင်း၊ ပျက်ကွက်လျှင်လည်းကောင်း အခွင့်အရေး တစ်နှစ် ဆုံးရှုံး နောက်ကျသွားကြောင်း ကျောင်းသား ကျောင်းသူမိဘများ သိရှိထားကြပြီးဖြစ်သည်။ ထို့ကြောင့် တန်းစဉ်အလိုက် တစ်နှစ်တစ်တန်း ကူးပြောင်းအောင်မြင်အောင် ကျောင်းသားများက ကြိုးစားအားထုတ်ကြရသည်။ ပညာကို ဆုံးခန်း တိုင်အောင် သင်ယူပြီးသည်အထိ ဆရာနှင့် နေ့စဉ် ထိတွေ့၍ ပညာကို အပတ်တကုတ် ရှာဖွေဆည်းပူး နေကြရသည်။
ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄ သန်းရှိသည့်အနက် ပဉ္စမတန်း တက်ရောက်သူ ၁၁ ဒသမ ၃၇ သန်းရှိပြီး အလယ် တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်းသာရှိသည်ဟု သိရသည်။ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ငါးနှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားပြီးသူ ၂ ဒသမ ၉ သိန်းနှင့် ဘွဲ့ရသူ သုံးသန်းရှိသည်ကို တွေ့ရ သည်။ အသက် ငါးနှစ်အထက် လူဦးရေ ၄၆ သန်းခွဲ ခန့်တွင် အသိပညာ၊ အတတ်ပညာတတ်မြောက်သူ သုံးသန်းကျော်သာရှိသဖြင့် မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာတတ်မြောက်သူ အလွန် နည်းပါးနေသည်ဟု ဆိုရမည်။ ပညာကို ပြီးဆုံး အောင်မသင်ယူကြတော့ဘဲ တန်းစဉ်ကူးပြောင်းမှု တစ်စတစ်စ လျော့နည်းလာသည်မှာ အဓိက အကြောင်းဖြစ်သည်။
၁ ရာခိုင်နှုန်းကျော်သာရှိ
နိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းရှိသည့်အနက် ထက်ဝက်ခန့်အရေအတွက် သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှု သာရှိသည်ကို တွေ့ရသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင် ကြပြီး ယင်းတို့အနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသော လူဦးရေသည် စိုက်ပျိုး မွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်း တွင် ပါဝင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ အလယ်တန်းနှင့် အထက်တန်း ပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာ၊ သက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာတန်းပြီးမြောက်သူ များသည် တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာရှိသည်။ သုံးသိန်းဆိုသော အရေအတွက်သည် အသက် ၁၅ နှစ်အထက် လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော်သာ ရှိသည်။
လေ့လာတွေ့ရှိချက်များအရ သာမန်လုပ်ကိုင် စားသောက်နိုင်သည့် အခြေအနေဖြစ်အောင် အနည်းဆုံးအနေဖြင့် အလယ်တန်းအဆင့်ပညာရေး ပြီးမြောက်အောင် သင်ကြားသင့်သည်။ မိဘများနှင့် တာဝန်ရှိသူများ၊ လုပ်ကိုင်နိုင်စွမ်းရှိသူ နိုင်ငံသား အားလုံးက တိုင်းပြည်နှင့်မျိုးဆက်များ၏ အနာဂတ် ကိုမြော်တွေး၍ ခိုင်မာသည့်လမ်းခင်းပေးရန် လိုအပ် သည်။ စုစည်းညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရသည့် သာဓကများစွာရှိသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9)ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့် အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါက တိုင်းပြည် အနာဂတ်အတွက် စိတ်အေးဖွယ်ရာဖြစ်သည်။
ကျောင်းနေရေးထောက်ကူ
သုတေသနပြုချက်များအရ ကလေးသူငယ် များအား ကျောင်းထားရန် တွန့်ဆုတ်နေကြသည့် မိဘများအား ပညာတန်ဖိုးကို နားလည်သဘောပေါက် လာအောင် စည်းရုံးပြီး နိုင်ငံတော်နှင့် လူမှုပတ်ဝန်း ကျင်အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေ သည်ကို ယုံကြည်လာအောင် စွမ်းဆောင်ပေးနိုင်ကြ ပါက မိမိတို့၏ ရင်သွေးကလေးသူငယ်များ ကျောင်း ပရဝဏ်အသီးသီးသို့ စုံစုံညီညီရောက်ရှိလာမည်မှာ သေချာသည်။ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေး အစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးနေသလို အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ် များကို လိုအပ်သည့် ကျောင်းသားများထံ လွှဲပြောင်း ပေးအပ်ခြင်းနှင့် အမှန်တကယ် ကျောင်းနေရန် အခက်အခဲရှိသည့် ချို့တဲ့နွမ်းပါးသူများကို ပညာသင် ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိ သည့် မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက် လျော့ကျစေနိုင်ပြီး ကလေးများအား ကျောင်းထား ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ကျောင်းသားမိဘများအနေဖြင့်လည်း မိမိ သားသမီးများအား အမှန်တကယ် စာတတ်မြောက် စေရန် အရည်အသွေးရှိသည့်ပညာများကို သင်ကြား ပေးနိုင်မည်ဟု ယုံကြည်သည့်ကျောင်းများတွင်သာ ကျောင်းထားလိုကြမည်ဖြစ်သည်။ ထို့ကြောင့်လည်း ဆရာ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့်ဘွဲ့နှင့် သင်ကြားနေသည့် ဘာသာရပ်ကိုက်ညီရေး၊ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်း များမွမ်းမံရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးကြရေးတို့သည် အလွန်အရေး ကြီးသည်။ အလယ်တန်းအဆင့် ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာ သင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေး ကြရမည်ဖြစ်သည်။ ကျောင်းတက်သူဦးရေတိုးတက် ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို အဖြေရှာပြီး ဖြေရှင်းပေးကြရမည်ဖြစ်သည်။
ရင်ပေါင်တန်းနိုင်ရန်
နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေး များအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီ သည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော် ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည်ဖော် လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ကလေးသူငယ် လူငယ်လူရွယ်အားလုံး ကျောင်းနေနိုင်ရေးဖြစ်သည်။ ရည်မှန်းချက်သို့ရောက်သည်အထိ စဉ်ဆက်မပြတ် ပညာသင်နိုင်ရေးဖြစ်သည်။ နိုင်ငံအတွင်း ပညာ တတ်သူများ ပေါများလာရေးဖြစ်သည်။ ပေါကြွယ်ဝ သည့် ပညာတတ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြင့် နိုင်ငံကိုတည်ဆောက်ကြရန်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်လာရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင် ရန်ဖြစ်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မကြာမီ ရက်ပိုင်းအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်သို့ ရောက်ရှိပြီဖြစ်သည်။ ယခုပညာသင်နှစ်အတွက် ပညာရေးနှိုးဆော်ချက်ဆောင်ပုဒ်မှာ “ကျောင်းနေ အရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်း များအားလုံး ဖွင့်လှစ်တော့မည်ဖြစ်သည်။ မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြို့နယ် အသီးသီးရှိ မိဘအုပ်ထိန်းသူများက မိမိတို့ ရင်သွေး ငယ်များအား ကျောင်းအပ်နှံပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ငါးနှစ်အရွယ် ကလေးငယ် များအား သူငယ်တန်း (KG) သို့ အပ်နှံပေးကြပါရန်၊ ခြောက်နှစ်အရွယ် ကလေးငယ်များအား ပထမတန်း (Grade-1)သို့ အပ်နှံပေးကြပါရန် အသိပေးအပ်ပါ သည်။
အဆင်ပြေသော မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အတန်း တစ်တန်းသို့ ကူးပြောင်း ပညာသင်ယူနိုင်ရေးအတွက် နိုးကြားတက်ကြွနေကြသည်။ အဆင်မပြေသော မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားလူငယ်များ အနေဖြင့် နိုင်ငံတော်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု များဖြင့် အနည်းဆုံး KG+9 သို့ ရောက်အောင် သင်ကြားကြရန်နှင့် ကလေးငယ်၏ အနာဂတ်၊ မိသားစု၏ အနာဂတ်၊ နိုင်ငံ၏ အနာဂတ်ကို မြော်တွေး၍ ပညာသင်ချိန်အရွယ်တွင် ပညာကို ဖြောင့်ဖြောင့်တန်းတန်း ကြိုးစားသင်ယူကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ ။
- Log in to post comments