အမှတ်ပေးဇယား ဦးဆောင်ခွင့်ရရေး အားပြိုင်ကြမယ့် မန်စီးတီးနဲ့ လီဗာပူး

 

ယခုတစ်ပတ် ယှဉ်ပြိုင်ကစား မယ့် ပရီမီယာလိဂ်ပွဲစဉ် (၁၃) မှာ အမှတ်ပေးဇယား အဆင့် (၁) နဲ့ (၂) က မန်စီးတီးနဲ့ လီဗာပူးအသင်း တို့ အားပြိုင်ကြမယ့်အပြင် အဆင့် (၄) နဲ့ (၅) က စပါးနဲ့ အက်စ်တွန် ဗီလာ၊  ၁၀  မှတ်လျှော့  ပြစ်ဒဏ် ချမှတ်ခံထားရတဲ့    အဲဗာတန်နဲ့ ပုံစံကောင်းရဖို့  ရုန်းကန်နေရတဲ့ မန်ယူပွဲစဉ်တွေ     ပါဝင်နေတာ ကြောင့် လက်မလွှတ်တမ်းစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ လီဗာပူး
နိုဝင်ဘာ ၂၅ ရက်(စနေနေ့)ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားမယ့်မန်စီးတီးနဲ့   လီဗာပူးအသင်းကို   ကြည့်မယ်ဆိုရင်  နှစ်သင်းကြား ရမှတ်ကွာဟမှု တစ်မှတ်သာရှိတဲ့အပြင်  ခံစစ်၊ တိုက်စစ်ပိုင်းကလည်း ကွာဟမှုသိပ်မရှိဘူးဆိုပေမယ့် မန်စီးတီးအသင်းက ပွဲတိုင်းကို အသာ စီးမှ   ကစားထားနိုင်တယ်။   နိုင်တဲ့အသင်းက   အမှတ်ပေးဇယား   ဦးဆောင်ခွင့်ရမှာဖြစ်တာကြောင့် နှစ်သင်းစလုံး ခြေကုန်ထုတ်လာမှာ သေချာတယ်။  အပြန်အလှန်သွင်းဂိုးတွေ   မြင်ရဖွယ်ရှိပြီး  မန်စီးတီး ကပ်နိုင်ဖွယ်ရှိတယ်။
နယူးကာဆယ်နဲ့ချယ်ဆီး
စနေနေ့ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် နယူးကာဆယ်နဲ့ ချယ်ဆီးပွဲကို ကြည့်ရင် နယူးကာဆယ်အသင်းက မန်ယူ၊ အာဆင်နယ်   စတဲ့ အသင်းကြီးတွေကို  နိုင်ပွဲရယူထားသော်လည်း နောက်ဆုံးနှစ်ပွဲ ဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘုန်းမောက်ကို  ရှုံးနိမ့်ထားတယ်။ ချယ်ဆီးက စပါးကို ဂိုးပြတ်နိုင်ပွဲရယူပြီး မန်စီးတီးကို  သရေကစားထားနိုင်တာကြောင့် ခြေစွမ်းထက်မြက်လာတယ်။ နယူးကာဆယ်ထက် ချယ်ဆီးရဲ့ ရုန်းအား ကို ကြည့်ရမယ်။
ဘန်လေနဲ့ ဝက်စ်ဟမ်း
နောက်ထပ် စနေနေ့ ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့်  ဘန်လေ နဲ့ ဝက်စ်ဟမ်းအသင်းကိုကြည့်ရင်  ဘန်လေရဲ့ခြေစွမ်းက အားရစရာ မရှိဘူး။   နောက်ဆုံးငါးပွဲမှာ   ဂိုးပြတ်တွေချည်း   ရှုံးနိမ့်ထားတယ်။ ဝက်စ်ဟမ်းအသင်းကလည်း  ခံစစ်၊  တိုက်စစ်ပိုင်း  တည်ငြိမ်မှုမရှိဘူး ဆိုပေမယ့်   ဘန်လေအသင်းထက်   သာလွန်မှုရှိတယ်။ သို့သော်လည်း ဝက်စ်ဟမ်းအသင်းအနေနဲ့ နိုင်ပွဲရရှိရေး ကြိုးစားလာမယ့်  ဘန်လေကို  ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ်ရှိတယ်။ 
ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ် 
စနေနေ့ နံနက်  ၁၂ နာရီမှာ အစောဆုံးပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ အာဆင် နယ်အသင်းကိုကြည့်ရင်   ဘရန့်ဖို့ဒ်အသင်း  ခြေစွမ်းကောင်း  မွန်မှု ရှိတယ်ဆိုပေမယ့်   တိုက်စစ်ထက်မြက်တဲ့   အာဆင်နယ်ကို  နိုင်ပွဲရဖို့   မလွယ်ကူဘူး။  အာဆင်နယ်အသင်းကလည်း  ရမှတ်ဆုံးရှုံးမှုမဖြစ်ပေါ် စေဖို့အတွက် အသင်းကို အကောင်းဆုံးပြင်ဆင်လာမှာ  သေချာတယ်။  ဘရန့်ဖို့ဒ်အသင်းထက် အာဆင်နယ်အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုက နိုင်ပွဲရတဲ့အထိ စွမ်းဆောင်နိုင်ဖွယ်ရှိတယ်။
အဲဗာတန်နဲ့ မန်ယူ
နိုဝင်ဘာ ၂၆ ရက် (တနင်္ဂနွေနေ့)  ည ၁၁ နာရီမှာ  ယှဉ်ပြိုင်ကစားမယ့် အဲဗာတန်နဲ့ မန်ယူအသင်းကိုကြည့်ရင် ရမှတ် ၁၀ မှတ်လျှော့ပြစ်ဒဏ်  ချမှတ်ခံထားရတဲ့ အဲဗာတန်အသင်းအနေနဲ့ မန်ယူအသင်းကို  ဒုက္ခပေး နိုင်ဖွယ်ရှိတယ်။  မန်ယူအသင်းက ပွဲတိုင်းနီးပါး သွင်းဂိုးတွေ    ခွင့်ပြုပေး နေရပြီး   တိုက်စစ်ကလည်း   သွင်းဂိုးရရှိရေး ရုန်းကန်နေရတာကြောင့် မထင်မှတ်ဘဲ အဲဗာတန်နိုင်ပွဲတွေ့သွားနိုင်တယ်။ တိုက်စစ်ပိုင်းအဆုံး သတ်သေချာမှသာ မန်ယူနိုင်ပွဲရမယ်။
ဖူဟမ်နဲ့ ဝုဖ်
နိုဝင်ဘာ ၂၇ ရက် (တနင်္လာနေ့) နံနက် ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစား မယ့်  ဖူဟမ်နဲ့ ဝုဖ်အသင်းကိုကြည့်ရင်  ခြေရည်တူနှစ်သင်း တွေ့ဆုံမှု ကြောင့်  အကြိတ်အနယ်ရှိလာနိုင်တယ်။ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့် ထားတဲ့    ဖူလ်ဟမ်အနေနဲ့   ပြီးခဲ့တဲ့ပွဲမှာ   စပါးကို  အနိုင်ရရှိအောင် စွမ်းဆောင်ထားတဲ့ ဝုဖ်ကို အသာရဖို့ မလွယ်ဘူး။ ဝုဖ်က ဒီပွဲစဉ်ပြီးရင် အသင်းကြီး အာဆင်နယ်နဲ့ ကစားရဖို့ရှိပြီး ဖူလ်ဟမ်ကလည်း လီဗာပူးနဲ့ ကစားရဖို့ ရှိတယ်။ ဖူလ်ဟမ်ထက် ဝုဖ်ကို သဘောကျတယ်။

  မိုးဇက်