
နေပြည်တော် နိုဝင်ဘာ ၂၃
NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် အမရပူရမြို့နယ် မြစ်လောင်းကျေးရွာအနီး၌ အမရပူရမြို့နယ် ဥယျာဉ်တော်အုပ်စု သရက်တန်းကျေးရွာနေသူ ထိန်ဝင်းအောင်(ခ) တေဇ (၂၇ နှစ်)နှင့် ဖြိုးကျော်(ခ)ကျော်ကြီး(၂၁ နှစ်) တို့နှစ်ဦးကို ပစ္စတို တစ်လက်၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ ဓားမြှောင်တစ်ချောင်း၊ လက်ကိုင်ဖုန်းသုံးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံနှစ်ဦး၏ ထွက်ဆိုချက်အရ အမရပူရ မြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု သာလှအေးကျေးရွာတောင်ဘက် ဆင်ရွာကျေးရွာနေ ဦးမြငွေ ပိုင်ဆိုင်သော ကွင်းအမှတ်-၅၇၀ (ခ)၊ ပေါက်အင်းကွင်းရှိ လယ်တဲ တွင် လက်လုပ်မိုင်းများနှင့် လက်လုပ်သေနတ်များ သိမ်း ဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေရာ တူမီး လက်လုပ် သေနတ် ၂၃ လက်နှင့် လက်လုပ်မိုင်းတစ်လုံး တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဖမ်းဆီးရမိတရားခံ ထိန်ဝင်းအောင်(ခ)တေဇ နှင့် ဖြိုးကျော်(ခ)ကျော်ကြီး တို့ နှစ်ဦးသည် ဧပြီလအတွင်း KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီးတွင် အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖော်ထုတ်သိရှိ
ဖမ်းဆီးရမိတရားခံနှစ်ဦး၏ ထွက်ဆိုချက်အရ ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် ဝင်းထွန်း(ခ)မင်းသန်း ကျော် မှ မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား အင်အား ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ တရားခံ ထိန်ဝင်းအောင်(ခ)တေဇနှင့် တရားခံ ဖြိုးကျော်(ခ) ကျော်ကြီး သည် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
လုပ်ကြံသတ်ဖြတ်
မြစ်ငယ် PDF အမည်ခံ အကြမ်းဖက် အဖွဲ့အနေဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်း များနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်မှုအနေဖြင့်- အောက်တို ဘာပထမပတ်တွင် ဝင်းထွန်း (ခ) မင်းသန်းကျော်၏ စေခိုင်းမှုဖြင့် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီး မှ ဆိုင်ကယ်မောင်းနှင်၍ တရားခံ ထိန်ဝင်းအောင်(ခ) တေဇ မှ နောက်မှလိုက်ပါလျက် အမရပူရ မြို့နယ် စားတော်ကျေးရွာနေ အပြစ်မဲ့ ပြည်သူ ကိုမျိုး(ခ)ငမျိုး အား ဒလန်ဟု စွပ်စွဲ၍ သေနတ် ဖြင့် လေးချက်ပစ်ခတ်၍ လုပ်ကြံ ခဲ့ကြောင်း။
အပြစ်မဲ့ပြည်သူအား လုပ်ကြံ
အောက်တိုဘာ ၅ ရက်တွင် မြစ်ငယ်မြို့ နှင်းဆီရပ်ကွက်နှင့် သဇင်ရပ်ကွက်လမ်းဆုံ၌ မြန်မာ့ မီးရထားလူစီးတွဲနှင့်ကုန်တွဲစက်ရုံမှ လက်ထောက်အင်ဂျင်နီယာ (လျှပ်စစ်) ဦးစံထွန်းမြိုင်အား အောင်ခန့်ကျော်မှ ဆိုင်ကယ် မောင်းနှင်၍ ဝင်းထွန်း (ခ) မင်းသန်းကျော် နောက်မှထိုင် လိုက်ပါပြီး ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။ နိုဝင်ဘာ ၄ ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီး နှင့် ထိန်ဝင်းအောင် (ခ) တေဇတို့ နှစ်ဦးမှ အမရပူရ မြို့နယ် တဲနံ့သာကျေးရွာ ရစဖ မှူး၏ သမက်ဖြစ်သူ ချစ်ကို အား ပစ္စတိုဖြင့် နှစ်ချက် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။ နိုဝင်ဘာ ၁၃ ရက်တွင် တရားခံ ဖြိုးကျော်(ခ) ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ) တေဇ တို့ နှစ်ဦးမှ အမရပူရမြို့နယ် ဆင်ရွာ မြင်းမှူးကျေးရွာနေ အပြစ်မဲ့ ပြည်သူ စိုးသူ အား ဒလန်ဟု စွပ်စွဲ၍ ဆင်ရွာမြင်းမှူးကျေးရွာ အဝင်လမ်းအနီးတွင် ပစ္စတိုဖြင့် လေးချက်ခန့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။ နိုဝင်ဘာ ၁၆ ရက်တွင် တရားခံ ဖြိုးကျော် (ခ)ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ)တေဇတို့ နှစ်ဦးမှ မြစ်ငယ် တိုးဂိတ်အကျော် Denko ဆီဆိုင်အနီး ထုံးဖိုလမ်းတွင်
မကျည်းချိုကျေးရွာနေ အပြစ်မဲ့ ပြည်သူ ညီညီလွင် အား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုဖြင့် ခြောက်ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေကျပ် ၂၈ သိန်းတို့ကို ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ
ထို့ပြင် မြစ်ငယ် PDF အမည်ခံအကြမ်းဖက် အဖွဲ့မှ ဝင်းထွန်း (ခ) မင်းသန်းကျော် နှင့် ငရဲ (ခ)ကုလား တို့ နှစ်ဦးသည် အောက်တိုဘာ ၂၂ ရက်တွင် အမရပူရမြို့နယ် သရက်တန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။ သတင်းစဉ်