
နေပြည်တော် နိုဝင်ဘာ ၂၅
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်ကျေးရွာနေ မမိမော် ၃၀ နှစ် (ဘ)ဦးမောင်ထွေးက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မန်ထန်ကျေးရွာနေ မ xxx ၂၁ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နေ မ xxx ၂၂ နှစ်တို့ကို တရုတ် နိုင်ငံတွင် တရုတ် ယောက်ျားယူပါက ငွေအမြောက်အမြားရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစား ခဲ့သဖြင့် လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ) ၃၀/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် တရားခံ မမိမော်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် အမှုမှသက်သေခံပစ္စည်း တရုတ်ယွမ် ၆၆၃၀ ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်