အမျိုးသားနေ့မှသည် အစဉ်နိုးကြားသော အမျိုးသားရေးစိတ်ဓာတ်ထက်သန်ရေး

Type
1

 

နုခန့်ယဉ်(ရစ်ကန်ကြီး)
 

 

မြန်မာလူမျိုးတို့သည်  ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသူများဖြစ်သည်။ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးကြသည်။ မိမိလူမျိုးအား တိုင်းတစ်ပါးမှ ချိုးနှိမ်သည်ကို မနှစ်သက်သကဲ့သို့ မိမိတိုင်းပြည်ကို တိုင်းတစ်ပါးမှ မတရားစိုးမိုးခြယ်လှယ်သည်ကိုလည်း မနှစ်သက်ကြချေ။ မြန်မာလူမျိုးတို့သည် သူတစ်ပါးလူမျိုးအပေါ်လည်း မနှိမ်ချသကဲ့သို့ သူတစ်ပါးတိုင်းပြည်ကို ရန်စကျူးကျော်ခြင်း မပြုတတ်ကြပေ။ “ဝံသာနုရက္ခိတတရား”ကို ရှေ့တန်းတင်ထားကြသည့်လူမျိုးများ ဖြစ်ကြသည်။

 


“ဝံသာနုရက္ခိတ”ဆိုသည်မှာ အမျိုးကိုချစ်သည်၊ ဘာသာကိုချစ်သည်၊          တိုင်းပြည်ကိုချစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်    အမျိုး၊   ဘာသာ၊ သာသနာကို ချစ်မြတ်နိုးသော မျိုးချစ်စိတ် အပြည့် အဝရှိသည့် လူမျိုးများပင်ဖြစ်သည်။ 

 


အတိတ်သမိုင်းနှင့် မျိုးချစ်စိတ်


၁၈၂၄  ခုနှစ်  ကုန်းဘောင်ခေတ်တွင်  အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် ရန္တပိုစာချုပ် အရ ရခိုင်နှင့် တနင်္သာရီနယ်များကို ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တို့အား ပေးအပ်ခဲ့ရသည်။  ၁၈၈၅ တွင် မြန်မာ တို့ ထီးနန်းပျောက်သလို   မင်းဆက်လည်းပျောက်ခဲ့ သည်။   သူ့ကျွန်မခံလိုသော   မြန်မာ့စိတ်ရင်းအမှန် သည်ကား  နိုးကြားလာခဲ့သည်။ “မခ သူ့အောက်၊ မမြှောက် သူ့လက်၊ ကျွန်ဆုကိုလည်း မမက်”သော မြန်မာတိုင်းရင်းသားတို့သည်           ရရာလက်နက် စွဲကိုင်လျက် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသည်။

 


မျိုးချစ်စိတ်ဟူသည်ကား “တိုင်းပြည်နှင့် လူမျိုး ကို ချစ်ခင်သောစိတ်ဓာတ်”   ဖြစ်သည်။   မြန်မာတို့ သည်   မြန်မာလူမျိုးကို   ချစ်သည်၊  မြန်မာပြည်ကို ချစ်သည်၊    မြန်မာ့တိုင်းရင်းသား    ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြီးကို  ချစ်သည်။ ထို့ကြောင့် သူတစ်ပါးလက်အောက်တွင် ကျရောက် နေသော    မြန်မာပြည်ကြီးကို   နည်းမျိုးစုံဖြင့် ကာကွယ်ကယ်တင်ခဲ့ကြသည်။          မျိုးချစ်စိတ်ကို အရင်းခံ၍    လွတ်လပ်ရေးကြိုးပမ်းမှုမှာ    ၁၈၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ပို၍ပြင်းထန်လာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင်   “အမျိုး၊   ဘာသာ၊   သာသနာ၊ ပညာရေး” တို့ကို အင်္ဂလိပ်အစိုးရထံတောင်းဆိုသော “ဗုဒ္ဓကလျာဏယုဝအသင်း” ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် “ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာ အစည်းအရုံး” ဟူသော မျိုးချစ်စိတ်ထက်သန်သည့် အဖွဲ့အစည်းများသည် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

 


အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ


အမျိုးသားနေ့ဟူသည်ကား    ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏    University    အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅  ရက်   (မြန်မာသက္ကရာဇ်  ၁၂၈၂    ခုနှစ်  တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန် (ယုဒသန်)ကောလိပ်ကျောင်းသားများက     ကန့်ကွက် သပိတ်မှောက် ဆန္ဒပြခဲ့သောနေ့ကြီး ဖြစ်ပါသည်။ 
နယ်ချဲ့ဗြိတိသျှအစိုးရသည်    ၎င်းတို့နယ်ကို ချဲ့ထွင်ရာ၌        အကောင်းဆုံးလက်နက်အဖြစ် ပညာရေးစနစ်ကို       အသုံးချခဲ့သည်။   တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ၁၉၂၀  ပြည့်နှစ်  ဇူလိုင် ၁၂ ရက်တွင် ဘုရင်ခံ၏   ကောင်စီအစည်းအဝေး၌   တင်သွင်းအဆိုပြုခဲ့ရာ တစ်ပြည်လုံး  လှုပ်လှုပ်ရွရွ   ဖြစ်ခဲ့ကြသည်။

 


ထို့နောက်   ဇူလိုင်   ၁၈   ရက်တွင်    မြန်မာနိုင်ငံ ပြုပြင်ရေးအသင်းကြီးသည်     အစည်းအဝေးကို ချက်ချင်းခေါ်ယူလျက်           ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ခဲ့ကြသည်။ မန္တလေးမြို့ တွင်လည်း လူထုအစည်းအဝေးကြီးက နယ်ချဲ့အစိုးရ မတ်ဟန်းတား၏            ခေတ်နောက်ပြန်ဆွဲသော လုပ်ဆောင်ချက်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့်  ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုဆန္ဒပြကြသည်။   

 


သြဂုတ် ၁ ရက်တွင် YMBA ခေါ် ဗုဒ္ဓကလျာဏယုဝ အသင်းကြီးက ကြီးမှူး၍ ဂျူဗလီဟောတွင် ရန်ကုန် မြို့လုံးကျွတ်အစည်းအဝေးကြီးကို    ကျင်းပလျက် (၁) ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အများပြည်သူ မကြိုက်ကြသောကြောင့်   ၁၉၂၀  ပြည့်နှစ်  သြဂုတ် လတွင် ကျင်းပမည့်          ဥပဒေပြုအဖွဲ့အစည်းအဝေးက ဒိုင်အာခီအုပ်ချုပ်ရေးစနစ်စတင်မည့် ၁၉၂၃ ခုနှစ် အထိ ဆိုင်းငံ့ထားရန်။ (၂)နောင်အခါ ပညာတတ်များ နည်းပါးစေရန် ရည်ရွယ်၍  ဥပဒေကို ထုတ်ပြန်ခဲ့ သော ဗြိတိသျှမင်းကြီး  မတ်ဟန်းတားအား မြန်မာ နိုင်ငံမှ ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ကြသည်။ 
ထိုသို့ အမျိုးမျိုးကန့်ကွက်နေသည့်ကြားမှပင် ၁၉၂၀ ပြည့်နှစ်  စက်တင်ဘာ ၂၆ ရက်တွင်  မြန်မာ နိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ   ဆာရယ်ဂျီနယ် ကရက် ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့ သည်။ တစ်ဖန်   အိန္ဒိယဘုရင်ခံ   ချမ်းစဖို့ဒ်က    ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို အတည်ပြုရန် ထုတ်ပြန် ကြေညာခဲ့ပြန်သည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည်    မြန်မာပြည်သူပြည်သားများ အတွက် ပညာတတ်နည်းပါးရန်      အကန့်အသတ်ဖြင့် သာ တက်ရောက်ခွင့်ရသော ဥပဒေဖြစ်သည်။ 

 


ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃  ရက်တွင် ရန်ကုန်ကောလိပ်ကျောင်းသားများ   ဖြစ်ကြသည့်  ကိုဘခင်၊   ကိုဘိုးကွန်း၊   ကိုဘဦး၊   ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊  ကိုဖေသိန်း၊ ကိုဘရှင်(သံတွဲ)၊ ကေညီ ပိတ်၊ ကိုဘရှင်(ထားဝယ်)၊ ကိုလှတင်နှင့် ကိုမောင် အေးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင် ထောင့်တွင် စုဝေးပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ကို သပိတ်မှောက်ရန်  သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။

 


၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် တက္ကသိုလ် ကျောင်းသားကြီးများ    ဦးဆောင်သော    ပထမ ကျောင်းသားသပိတ်   စတင်ခဲ့ရာ     မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေ တော့သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် ဂျီစီဘီအေခေါ် ဝံသာနုအသင်းချုပ်ကြီးက  အစည်းအဝေးတစ်ရပ် ပြုလုပ်လျက်


(၁) မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။    (၂)       ရန်ကုန်မြို့၌ အမျိုးသား တက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။ (၃)အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများမှတည်ထောင် ထားသည့် ကျောင်းများကိုလည်း အမျိုးသားကျောင်း များအဖြစ် ပြောင်းလဲရန်။ (၄) အမျိုးသားကျောင်းများ ကို စုပေါင်းအုပ်ချုပ်ရန် လိုအပ်သောစီစဉ်ညွှန်ကြားချက်များကို   ပြုလုပ်နိုင်ရေးအတွက်   အမျိုးသား ပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်တို့ကို ဆုံးဖြတ် ချက်ချ၍ ဦးမောင်ကြီး(M.A)က  ဥက္ကဋ္ဌအဖြစ်ပါဝင်၍ အမှုဆောင်အဖွဲ့ဝင် ၃၂ ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။ ဤသို့ဖြင့် ၁၉၂၁ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ရန်ကုန် မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယ ကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင် ခဲ့ရာ များမကြာမီ နယ်မြို့ကြီးများတွင် အမျိုးသား ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အမျိုးသားနေ့ကို သတ်မှတ်ရာတွင် နယ်ချဲ့ဗြိတိသျှတို့အား ပထမဆုံး ထိထိရောက်ရောက်            သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော်    ၁၀     ရက်နေ့ကို အမျိုးသားနေ့အဖြစ်  သတ်မှတ်သင့်ကြောင်း အဆို ပြု၍ သဘောတူသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

 


မြန်မာ့ဇာတိမာန်


“ဇာတိမာန်” ဟူသည်မှာ    အမျိုးအနွယ်ကိုစွဲ၍ ဖြစ်သော မာန်မာနဟူ၍  အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ မိမိ၏တိုင်းပြည်နှင့်   လူမျိုးအပေါ် ချစ်မြတ်နိုးခြင်း၊ မိမိ၏ တိုင်းပြည်နှင့် လူမျိုးအတွက် ဂုဏ်ယူခြင်း၊  မိမိတိုင်းပြည်နှင့်   အမျိုးအတွက်   အသက်စွန့် ကာကွယ်ခြင်းဟူသော စိတ်ဓာတ်များသည် မြန်မာ ပြည်သူပြည်သားများ၏   “ဇာတိမာန်စိတ်”   ပင် ဖြစ်သည်။ မြန်မာ့ဇာတိမာန်သည်ကား အဘယ်သော အခါမျှ  ပျက်သုဉ်းမည်မဟုတ်။   ဇာတိမာန်စာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ တေးသံများသည် ယနေ့ထိတိုင် လွင့်ပျံနေဆဲဖြစ်သည်။ 

 


“ဒါတို့တိုင်းတို့ပြည်၊ တို့မြန်မာပြည်၊ မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ၊    ကျုပ်တို့ရဲ့         ရွှေထီးရွှေနန်း         တင့်ဆန်းပေ၊   အာဇာနည်ဗုဒ္ဓဘာသာ   အမျိုးသား တိုင်းပြည်၊ ရာဇဝင်ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ ပေ၊ ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည်တို့ မြေ”   ဆိုသည့်အတိုင်း  ဘိုးဘွားတို့၏ ဇာတိမာန် ထွန်းတောက်ခဲ့ကြရသည်။  ဘိုးဘေးဘီဘင်တို့၏ အသက်သွေးချွေးပေးဆပ်ခဲ့သည့် အမွေသည် မာန် တဝင့်ဝင့်နှင့် ဂုဏ်ရောင်တင့်ခဲ့သည်မှာ ယနေ့ထက် တိုင်ပင်ဖြစ်သည်။
“ရိုးရာအခြေ မညှိုးပါသလေ၊   မျိုးသာကီနွယ် ဆင်းသက်ပေ၊ ဒါတို့ရွှေထီး ဒါတို့မြေကြီး၊ ပြည်ကြီး ခရိုင် ကိုယ်ပိုင်မြန်မာပြည်၊ တက်လူတွေ တက်လူ တွေ လုံ့လဝီရိယရှိကြစေ၊ အမျိုးဂုဏ်တက်အောင် ရွက်ဆောင်မလေ၊   တို့တာဝန်အမှန်ပေ”   ဆိုသည့် အတိုင်း နောင်လာနောက်သားများ၏ ရင်ထဲတွင် ဇာတိမာန်စိတ်ဓာတ်များကိန်းအောင်းရန် လိုအပ်ပါ သည်။ ကိုယ်ပိုင်သည့်        
မြန်မာပြည်ကို      အခြားအဖျက်အမှောင့်များ   နှောင့်ယှက်ခဲ့လျှင်လည်း     ထိန်းသိမ်းကာကွယ်ကြ ရမည်မှာ          မြန်မာပြည်သူ     ပြည်သားများ၏   တာဝန်ပင်ဖြစ်သည်။    အမိမြေကို          ချစ်သည့်၊       မိမိလူမျိုးကိုချစ်သည့်၊ အမျိုးစစ်၍အမျိုးချစ်သည့် မြန်မာပြည်သူပြည်သားတိုင်းတွင်    ဇာတိမာန် စိတ်ဓာတ်များ အစဉ်နိုးကြား ကြရပေမည်။ “မီးတွင် အခိုးအလျှံရှိမှ အရှိန်မပျက် သလို  လူတို့တွင်လည်း   အမျိုးမာန်၊   ဇာတိမာန်ရှိမှ အမျိုးဂုဏ်အရှိန်အဟုန်ကြီးမားမည်ကို သတိပြုကြရပေမည်။

 


အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ရေး


အမျိုးသားရေးစိတ်ဓာတ်ဟူသည်ကား အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊  အမျိုးသားရေးလက္ခဏာ များ၊ ယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုး၊ ဘာသာ၊ သာသနာကို  ထိန်းသိမ်းကာကွယ်ရေးတို့ကို  အစဉ် ဦးထိပ်ပန်ဆင်ထားသောစိတ်ဓာတ်ကို   ဆိုလိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြန်မာပြည်သူပြည်သား တို့၏   အမျိုးဂုဏ်၊    ဇာတိဂုဏ်၊   ထက်မြက်သော ဇာတိမာန်၊   ရဲရင့်သော   သတ္တိသွေး၊  ပြောင်မြောက် သောအားမာန်တို့ဖြင့် ရပ်တည်လာခဲ့ကြသည်မှာ နှစ်ပေါင်းရာထောင်ချီ        ကြာမြင့်ခဲ့ပြီဖြစ်သည်။ သမိုင်းအဆက်ဆက်           ပြောင်းလဲခဲ့သော်လည်း မပြောင်းလဲခဲ့သော အမျိုးသားရေးစိတ်ဓာတ်များ ကြောင့်   ယနေ့ထိတိုင်   မြန်မာဟု   ဝင့်ထည်နိုင်ခြင်း ဖြစ်သည်။

 


သမိုင်းကြောင်းကို       ပြန်ပြောင်းကြည့်လျှင် အမျိုးသားရေးစိတ်ဓာတ်       အခြေခံကောင်းများ ကြောင့်    မြန်မာပြည်ကြီးသည်  လွတ်လပ်ခြင်း အတိနှင့် ထွန်းတောက်နေခြင်းဖြစ်သည်။ ထိုသမိုင်း ကောင်းများကို   ပြည်သူပြည်သားတိုင်း   နားလည် သဘောပေါက် ကြရမည်။ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး” ဆိုသကဲ့သို့ သမိုင်းပေးတာဝန်ကို လက်ဆင့် ကမ်းသယ်ဆောင်ကြမည့်    လူငယ်များကိုလည်း အမျိုးသားရေးစိတ်ဓာတ်များ   နိုးကြားလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရမည်။ 
နိုင်ငံတော်အစိုးရနှင့်         အလွှာအသီးသီးမှ တာဝန်ရှိသူများသည် မျိုးချစ်စိတ်အပြည့်အဝဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊      အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးကို ဦးထိပ် ထားလျက်       နိုင်ငံတော်သစ်တည်ဆောက်ရေး လုပ်ငန်းများကို    ထမ်းဆောင်လျက်ရှိပေသည်။ မြန်မာတစ်မျိုးသားလုံးကလည်း   လူကြီးလူငယ် ကျား မ မရွေး မိမိတို့တတ်စွမ်းသမျှ အခန်းကဏ္ဍ အသီးသီးတွင်  အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝ ဖြင့် ပါဝင်ဆောင်ရွက်ကြရပေမည်။ သို့မှသာ ခေတ်မီ  ဖွံ့ဖြိုးတိုးတက်ပြီး              အေးချမ်းသာယာသော နိုင်ငံတော်သစ်ဆီသို့  အမြန်တက်လှမ်းနိုင်ပေလိမ့်      မည်။   ထို့ကြောင့်   မြန်မာပြည်သူပြည်သားတိုင်း အမျိုးသားရေးစိတ်ဓာတ်များ         အစဉ်နိုးကြား ထက်သန်ရေးအတွက်   သမိုင်းကောင်းတစ်ခုဖြစ် သည့် အမျိုးသားနေ့မှ  စတင်အခြေခံ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။         ။