အမျိုးသားစာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးအကြောင်းကြားခြင်း

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊   သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည်  အမျိုးသားစာကြည့်တိုက် ဥပဒေကို   ပြည်ထောင်စုလွှတ်တော်    ဥပဒေအမှတ်  ၁၄  ဖြင့် လည်းကောင်း၊    အမျိုးသားစာကြည့်တိုက်    နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့   အစည်းအဝေးအမှတ်စဉ်  (၆/၂၀၂၂)၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါသည်။

 


အမျိုးသားစာကြည့်တိုက်ဥပဒေ၊    အမျိုးသားစာကြည့်တိုက် နည်းဥပဒေများအရ  အစိုးရဌာန၊  အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ် သော အဖွဲ့အစည်းအပါအဝင်  ထုတ်ဝေသူသည် ယင်းတို့ထုတ်ဝေသည့် ပုံနှိပ်နှင့် ပုံနှိပ်မဟုတ်သော စာပေအနုပညာပစ္စည်း တစ်မျိုးစီ၏ ငါးအုပ်၊ ငါးစောင် သို့မဟုတ် ငါးခုကို   အမျိုးသားစာကြည့်တိုက်သို့  အခမဲ့ ပေးအပ်ရမည်ဖြစ်ပါသည်။

 


အမျိုးသားစာကြည့်တိုက်သည်  အမျိုးသားစာပေစုဖြစ်လာစေရန် နိုင်ငံအတွင်းထွက်ရှိသမျှ    ပုံနှိပ်စာအုပ်စာတမ်း၊ လက်ရေးစာ၊ ပုံနှိပ် စာအုပ်မဟုတ်​သော  စာ​ပေအနုပညာပစ္စည်းများကို ရယူစုဆောင်းရ မည်ဖြစ်ပါသည်။ စုဆောင်းရရှိသည့် စာ​ပေ အနုပညာပစ္စည်းများအား ယခင်က ဆောင်ရွက်ခဲ့ခြင်းမရှိသည့် စာငှားဝန်ဆောင်မှုကို ဆောင်ရွက် ပေးလျက်ရှိပြီး   ပုံနှိပ်ထုတ်ဝေသူများထံမှ   လက်ခံရရှိမည့် စာပေ အနုပညာပစ္စည်းတစ်မျိုးစီ၏  ငါးအုပ်၊ ငါးစောင်၊ ငါးခုထဲမှ နှစ်အုပ်၊ နှစ်စောင်၊  နှစ်ခုစီကို   အမျိုးသားစာကြည့်တိုက်   (နေပြည်တော်/ရန်ကုန်)တို့တွင် အများပြည်သူ ဝန်ဆောင်မှုအတွက် အသုံးပြုသွား မည်ဖြစ်ပြီး တစ်အုပ်၊ တစ်စောင်၊ တစ်ခုကို မြန်မာနိုင်ငံ၏ အမျိုးသား စာပေအမွေအနှစ်အဖြစ် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ထိန်းသိမ်းထားရှိသွားမည်ဖြစ်ပါသည်။

 


သို့ဖြစ်၍  အမျိုးသားစာကြည့်တိုက်ဥပဒေ  အခန်း(၆)၊ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)နှင့် အမျိုးသားစာကြည့်တိုက်နည်းဥပဒေများ  အခန်း(၅)၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(က)ပါ  ပြဋ္ဌာန်းချက်များအရ ပုံနှိပ်ထုတ်ဝေသူသည် မိမိထုတ်ဝေသည့် ပုံနှိပ်နှင့် ပုံနှိပ်မဟုတ်သော စာပေအနုပညာပစ္စည်း တစ်မျိုးစီ၏  ငါးအုပ်၊ ငါးစောင် သို့မဟုတ် ငါးခုကို ထုတ်ဝေသည့်နေ့မှ တစ်လအတွင်း  စာပေအနုပညာပစ္စည်းပေးပို့ခြင်းပုံစံ  (ပုံစံ-၁)ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊     သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊         အမျိုးသားစာကြည့်တိုက် (နေပြည်တော်)   ရာဇသင်္ဂဟလမ်း၊   ကုမုဒြာကြာပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊  ဖုန်း-၀၆၇ ၃၄၁၈၄၂၅ (သို့မဟုတ်)  အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၊  အမှတ်(၆၀၄/၆၀၈)၊   ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ဖုန်း-၀၁ ၈၃၇၉၂၉၄ သို့  ဆက်သွယ်၍  အခမဲ့ ပေးပို့ကြပါရန် အသိပေးကြေညာအပ်ပါသည်။ 


သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန