
ဝါရှင်တန် စက်တင်ဘာ ၂၈
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် စက်တင်ဘာ ၂၇ ရက်က အိမ်ဖြူတော်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုကိုခံယူခဲ့သည်ဟု သိရသည်။
ကာကွယ်ဆေးအပိုဆောင်း၍ ထိုးခြင်းမှာအမှန် တကယ်အရေးကြီးကြောင်း၊ သို့သော်လည်း ယင်းထက်ပို၍ အရေးကြီးသည့်အရာမှာ လူအများ အပြား ကာကွယ်ဆေးထိုးကြရန်ပင်ဖြစ်သည်ဟု ဘိုင်ဒင်က ကာကွယ်ဆေးမထိုးခင် ပြောကြားခဲ့သည်။
အမေရိကန်တွင် ကာကွယ်ဆေးထိုးခွင့်ရှိသူ ၂၃ ရာခိုင်နှုန်းမှာ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးရသေးဟု အမေရိကန်သမ္မတက ပြောသည်။ အမေရိကန်တွင် တတိယအကြိမ် ကာကွယ်ဆေးထိုး နိုင်ခွင့်ရှိသူ သန်း ၂၀ ရှိသည်ဟု သိရသည်။
အရွယ်ရောက်ပြီးသူများအတွက် ဖိုက်ဇာကိုဗစ်- ၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးရန် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြီးခဲ့သည့် သီတင်းပတ်အတွင်းခွင့်ပြုချက် ပေးခဲ့သည်။
သက်ကြီးရွယ်အိုများ၊ ကာလရှည်ကြာ ကျန်းမာ ရေးစောင့်ရှောက်မှုခံယူနေရသူများနှင့် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေရှိသူများကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် ထောက်ခံပေးခဲ့သည်။
ဆင်ဟွာ