အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်းများ၏ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၃

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ် သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်းများအား အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနမှ သင်တန်းနည်းပြများ၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီး ဌာနမှ အရာထမ်းများ တက်ရောက် ကြသည်။

အငြင်းပွားမှုများ သိရှိစေရန်

အခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီးက ယခုဖွင့်လှစ်သည့် သင်တန်း သည် အလုပ်သမားရေးရာ ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များ၏ ဆိုလိုချက်များကို သိရှိရန်၊ ပြင်ဆင်သည့်ဥပဒေတွင် အခွင့် အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုး စီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ် ခွဲခြား သတ်မှတ်ထားခြင်းကြောင့် အငြင်းပွားမှုများအား ရှင်းရှင်း လင်းလင်း ကွဲကွဲပြားပြား သိရှိစေရန်၊ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များကို သိရှိ နားလည်မှုရှိစေရန်နှင့် ဆက်စပ်ဌာန များ၏ စည်းကြပ်ဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေများကို သိရှိ နားလည်မှုရှိစေရန်နှင့် ရုံးလုပ်ငန်း များ စနစ်တကျ ဆောင်ရွက်စေရန် TOT စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်ရှင်၊ အလုပ်သမားများသို့ ထပ်ဆင့် အသိပညာပေး ဆွေးနွေးစေ ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါ ကြောင်း။

လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင် သည့် သင်တန်းကို ရက်သတ္တပတ် ငါးပတ်အတွင်း အွန်လိုင်းဖြင့် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အလုပ်သမားဥပဒေ များ၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် နည်းဥပဒေ များတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်သည့် သင်တန်းများ ပြုလုပ် ခြင်းဖြင့် မြေပြင်တွင် လက်တွေ့ ဆောင်ရွက်နေသော တာဝန်ခံအရာရှိ များသည် အငြင်းပွားမှုအား လက်တွေ့ အကောင်အထည်ဖော် ဖြေရှင်းဆောင် ရွက်ရာတွင် နားလည်မှုလွဲမှားသည့် ဖြစ်စဉ်များ ကင်းဝေးစေမည်ဖြစ်သည့် အပြင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင် ပေးနိုင်မည်ဖြစ်ပြီး အသိပညာပေး သင်တန်းများ ပြုလုပ်ခြင်းဖြင့် အလုပ် ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံ ရေး တိုးတက်ကောင်းမွန်လာနိုင်မည် ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ပဋိပက္ခ ဖြစ်ပွားမှုများ လျော့နည်း၍ ကောင်းမွန် သော လုပ်ငန်းခွင် အခြေအနေများကို ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါကြောင်း။

အတတ်နိုင်ဆုံး ဖျန်ဖြေညှိနှိုင်း

အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ အထက်အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေရေးနှင့် အောက်ခြေအဆင့် တွင် အမှုများ ပြီးပြတ်မှုရှိစေရေး အတွက် မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေ ရာတွင် အလုပ်ရှင်၊ အလုပ်သမားများ ၏ လိုလားချက်များအပေါ် အတတ် နိုင်ဆုံး ဖျန်ဖြေညှိနှိုင်းခြင်းဖြင့်လည်း ကောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်ခြင်းနှင့် WCC တိုးမြှင့် ဖွဲ့စည်းနိုင်ရေး အလေးထား တွန်းအား ပေး ဆောင်ရွက်ခြင်းဖြင့်လည်း ကောင်း လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း၊ မြို့နယ်အဆင့်တွင် အမှုတွဲ လွှဲပြောင်းသည့်ကိစ္စရပ်များ မဖြစ်ပေါ် စေရေး လိုအပ်ပါက သက်ဆိုင်ရာ ဌာနများမှ ပေါင်းစပ်ဖြေရှင်း ဆောင် ရွက်ရန်နှင့် အလုပ်သမားများ အနေ ဖြင့် အလုပ်ရှင်၏ စီမံခန့်ခွဲမှုအရ လုပ်ဆောင်ပေးရမည့် အချက်များကို တောင်းဆိုသည့် ကိစ္စရပ်များဖြစ်ပါက ပြေငြိမ်းမှုရရှိစေရန်အတွက် WCC တွင် ညှိနှိုင်းစေပြီး ဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ မြို့နယ် တာဝန်ခံ အရာရှိများက ပေါင်းစပ် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့် အရာထမ်း များအနေဖြင့် မိမိစည်းကြပ်သော နယ်မြေများမှ အငြင်းပွားမှုများ ဖြေရှင်း ရာတွင် လုပ်ငန်းခွင်အဆင့်နှင့် မြို့နယ် အဆင့်၌ အောင်မြင်မှု ရရှိစေရန် ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့ အရာထမ်းများအနေဖြင့် တာဝန် သိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ စွမ်းဆောင်ရည်ရှိမှု၊ ခိုင်မာကောင်းမွန် သည့် စည်းမျဉ်းဥပဒေများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်တတ်မှုနှင့် ကိုယ်ပိုင်အရည်အသွေးများရှိအောင် နေထိုင်ကျင့်ကြံ ဆောင်ရွက်ပြီး နိုင်ငံတော်၏အကျိုးကို ထိထိရောက် ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် သည့် နိုင်ငံသားများဖြစ်အောင် ကြိုးပမ်း အားထုတ် သွားကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်