
နေပြည်တော် နိုဝင်ဘာ ၂၅
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင် ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ဥသျှောင်ရပ်ကွက်နေ ကောင်းဇာနည်(ခ)ကောင်းကောင်းသည် ၎င်းအသုံးပြုသည့် “Kaung Zarni” Facebook အကောင့်၊ အောင်ပင်လယ်ရပ်ကွက်နေ ဝေမာမြင့် သည် ၎င်းအသုံးပြုသည့် “Wai Mar Myint” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၃)ရပ်ကွက်နေ ကျော်နိုင်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ခင်ဆွေလှိုင်တို့သည် ၎င်းတို့အသုံးပြု သည့် “Kyaw Naing Oo” Facebook အကောင့်၊ “Khin Swe Hlaing” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်